အထောက်အထားမဲ့လုပ်သားများကို အထောက်အထားလုပ်ပေးရန် မေဒေးတွင် ထိုင်းရောက်မြန်မာလုပ်သားများတောင်းဆို

0
380
Photos - ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN)

အထောက်အထားမဲ့ အလုပ်သမားများအတွက် နေထိုင်ခွင့် အထောက်အထားအသစ်ပြုလုပ်ပေးရေးနှင့် အခြားအခွင့်အရေးများ ရရှိရေးအတွက် ယနေ့ မေလ ၁ ရက် မေဒေးနေ့တွင် မြန်မာ အပါအဝင် ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများက ဘန်ကောက်မြို့လယ်တွင် ချီတက်တောင်းဆိုကြသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (မေဒေး) ချီတက်တောင်းဆိုပွဲကို ရွှေ့ပြောင်းအလုပ်သမားများနှင့် အလုပ်သမားအရေး လှုပ်ရှားသူများ စုစုပေါင်း လူထောင်ချီ လာရောက်ပူးပေါင်းခဲ့ကြောင်း ချီတက်တောင်းဆိုရာတွင်ပါဝင်သူများထံမှ သိရသည်။

ဘန်ကောက်မြို့လယ် အနုစာဝရီကျောက်တိုင်မှတစ်ဆင့် အစိုးရရုံးများသို့ ချီတက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်လက်မှတ် အသစ်ထုတ်ပေးရေးအပါအဝင် နယ်စပ်တွင် တိမ်းရှောင်လာသော မြန်မာဒုက္ခသည် များကို ကူညီစောင့်ရှောက်ပေးရေးနှင့် သက်တမ်းကုန် MoU အလုပ်သမားများကို မြန်မာနိုင်ငံသို့ မပြန်ခိုင်းဘဲ ထိုင်းနိုင်ငံ တွင်ပင် သက်တမ်း ပြန်တိုးခွင့်ပြုရေး တောင်းဆိုခဲ့ကြောင်း Labour Rights Foundation နှင့် ရွှေ့ပြောင်းအလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ (MWSC) မှ ကိုဇော်က ပြောသည်။

“အဓိက ဒီသုံးချက်ကို တောင်းဆိုထားတယ်။ ဒီတောင်းဆိုချက်တွေကို အလုပ်သမားဝန်ကြီးဌာနကို တိုက်ရိုက်ပေးပို့ သွားမှာပါ” ဟု ၎င်းက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးအတွက် ပုံမှန် ချီတက်တောင်းဆိုလေ့ ရှိကြောင်း ချီတက် တောင်းဆိုရာတွင်ပါဝင်သည့် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် (MWRN) မှာ တာဝန်ခံတစ်ဦးက ပြောဆိုသည်။

“International Labour Day မှာ အလုပ်သမားအခွင့်အရေးအတွက် တောင်းဆိုတာ။ ထိုင်းအလုပ်သမားသမဂ္ဂတွေ ဦးဆောင်ပြီး နှစ်စဥ်ပြုလုပ်နေတာပါ။ ကမ္ဘာအလုပ်သမားနေ့မှာ အထိမ်းအမှတ်ပွဲတွေလုပ်မယ်၊ အလုပ်သမားအခွင့်အရေးတွေ တောင်းဆိုကြမယ်၊ စည်းလုံးညီညွတ်မှုအင်အားကို ပြတာလည်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ပွဲကို ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့များက ဦးဆောင်ပြုလုပ်ခဲ့ပြီး မြန်မာအလုပ်သမားအဖွဲ့အစည်းများနှင့် ရွှေ့ပြောင်းအလုပ်သမားများကလည်း လာရောက်ပူးပေါင်းခဲ့ကြသည်။

လုပ်ခလစာ တိုးမြှင့်ပေးရေး၊ လူမှုဖူလုံရေး အခွင့်အရေး အပြည့်အဝ ရရှိရေးကိုလည်း တောင်းဆိုခဲ့ကြကြောင်း ချီတက် တောင်းဆိုရာတွင် ပူးပေါင်းပါဝင်သူတို့ထံမှ သိရသည်။

ချီတက်တောင်းဆိုပွဲကို မြန်မာအလုပ်သမားများအပြင် လာအို၊ ကမ္ဘောဒီးယား စသော ရွှေ့ပြောင်းအလုပ်သမားများလည်း လာရောက်ပူးပေါင်းခဲ့သည်။