ကျွန်းစု ရေကန်တောင်ရွာ ပျုစောထီးခေါင်းဆောင် စက်လှေပေါက်ကွဲပြီးသေဆုံး

0
479

ကျွန်းစုမြို့နယ် ရေကန်တောင်ကျေးရွာအုပ်စုမှ ပျုစောထီးခေါင်းဆောင်တစ်ဦး စက်လှေမတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဧပြီလ ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က မအိုင်ကျေးရွာအုပ်စု မအိုင်ကျေးရွာအနီးရှိ ဖိနပ်ကျွန်းတွင် စက်လှေပေါက်ကွဲမှုဖြစ်ပြီး လှေပေါ်လိုက်ပါလာသည့် ပျူစောထီးခေါင်းဆောင် အသက် ၃၈ နှစ်အရွယ် ဦးကျော်စိုးထိုက် သေဆုံးသွားကြောင်း ရေကန်တောင်ရွာသားအချို့က ဆိုသည်။

“စက်လှေမတော်တဆ ပေါက်ကွဲတာပေါ့။ စက်လှေဆီကန်က အပူလွန်ကဲပြီးပေါက်ကွဲတာမျိုးလို့ သိရတယ်။ စက်လှေထဲပါတဲ့သုံးဦးထဲ သူတစ်ယောက်ပဲ သေသွားတာ” ဟု ရေကန်တောင်ရွာသားတစ်ဦးက ပြောသည်။

ရေကန်တောင် ကျေးရွာပျုစောထီခေါင်းဆောင်နှင့်အတူ လှေပေါ်လိုက်ပါလာသူနှစ်ဦးမှာ အသက်ရှင်လွတ်မြောက်သွားကြောင်း အခြားဒေသခံတစ်ဦးကလည်း အတည်ပြုပြောဆိုသည်။

ပျုစောထီးခေါင်းဆောင် ဦးကျော်စိုးထိုက်၏ ရုပ်အလောင်းကို ၎င်း၏နေအိမ်တွင် ငါးရက်ထားပြီး လာမည့်မေလ ၄ရက်နေ့တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ရေကန်တောင်ရွာသားအချို့ထံမှ သိရသည်။

ရေကန်တောင်ကျေးရွာမှာ ပင်လယ်အတွင်းရှိ ကျွန်းပေါ်တွင်တည်ရှိပြီး အိမ်ခြေ ၈၀၀ နီးပါးရှိကာ အများစုမှာ ရေလုပ်ငန်းလုပ်ကိုင်ကြသည်။