ကလိန်အောင်အနီး လေကြောင်းတိုက်ခိုက်ခံရမှုတွင် PDF တပ်ခွဲမှူးတစ်ဦးကျဆုံး

0
1154
ပုံစာ - မတ် ၂၉ ရက် ရေး-ထားဝယ်လမ်းပိုင်း လေကြောင်းတိုက်ခိုက်ခံရစဥ် Photo - လွတ်လပ်သောမွန်သတင်းအေဂျင်စီ

ရေး – ထားဝယ်ကားလမ်းပိုင်း မလွှဲတောင်နှင့်ကလိန်အောင်အကြားရှိ ကျေးရွာများကို စစ်ကောင်စီက မတ်လ ၂၉ ရက်နေ့ နေလယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာတွင် PDF တပ်ခွဲမှူးတစ်ဦး ကျဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်း ထံကသိရသည်။

ကျဆုံးသည့် တပ်ခွဲမှူးသည် ဒေါနစစ်ကြောင်း တပ်ခွဲ ၇ တပ်ခွဲမှူး ရဲဘော်မိုးသီး ဖြစ်ကြောင်း ယနေ့ (မတ် ၃၀) ထုတ်ပြန်သည့် ဒေါနစစ်ကြောင်း၏ ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်က မတ်လ ၂၉ ရက် မွန်းလွဲ ၂နာရီခွဲမှ ၃ နာရီခွဲဝန်းကျင်အထိ လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြိတ်ဘက်မှ တက်လာသည့် ဂျက်ဖိုက်တာလေယာဥ်နှင့် ဟက်စကီးလေယာဥ် တို့ဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါနတပ်ခွဲ ၄ တာဝန်ရှိသူက ပြောပြသည်။

ယင်းတိုက်ခိုက်မှုအတွင်း ရာဖူးရွာ ၊ ကျွဲတလင်းရွာ ၊ ပေါက်ပင်ကွင်းရွာနှင့် အလယ်စခန်းရွာ ပတ်ဝန်းကျင်ကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံကသိရသည်။

“ ကျွဲတလင်းရွာထိပ်က ဆိုင်တစ်ဆိုင်မီးလောင်တယ် ။ ပြီးတော့ရာဖူးမှာကျတာက မိန်းမကြီးတစ်ယောက် ဗုံးစစင်ပြီး သတိမေ့သွားတယ်။ အခုမနက်တော့ သတိပြန်လည်လာပြီ” ဟု ကလိန်အောင်ဒေသခံ တစ်ဦးကပြောသည်။

လေကြောင်းတိုက်ခိုက်မှုမပြုလုပ်မီ မလွှဲတောင်ဂိတ်ကို ပြည်သူ့ကာကွယ်ရေး တပ်များက ဒရုန်းဖြင့်ဗုံးသီးချခဲ့ပြီးနောက် မလွှဲတောင်ဂိတ်နှင့် ကလိန်အောင်တံတားကို ပိတ်ချ၍ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မတ်လ ၃၀ ရက်တွင်မူ မလွှဲတောင်ဂိတ်ပြန်ဖွင့်ထားသော်လည်း စစ်ရေးတင်းမာနေဆဲဖြစ်သဖြင့် အသွားအလားနည်းပါးနေဆဲဖြစ်ကြောင်း ကားသမားများထံက သိရသည်။