ထိုင်းတွင် လုပ်ငန်းခွင်အတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ရှိနေ၊ ပတူနမ်ဈေးမှ မြန်မာလုပ်သား ၁၂ ဦး ဖမ်းဆီးခံရ

0
308

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့လယ်ရှိ ပတူနမ်ဈေးတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၂ ဦးကို တရားမဝင် အလုပ်လုပ်ကိုင်နေသည်ဟုဆိုကာ ဧပြီလ ၂၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ယခုရက်ပိုင်းတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသူများကို လုပ်ငန်းခွင်အတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး မြန်မာလုပ်သားအများအပြားလည်း ဖမ်းဆီးခံနေရသည်။

ရတ်ချ်ထေဝီနယ်မြေရှိ နာမည်ကြီး ပတူနမ်ဈေးတွင် နိုင်ငံခြားသား အလုပ်သမားများ တရားမဝင် အလုပ်လုပ်ကိုင်နေကြကြောင်း သတင်းရရှိသဖြင့် လဝကရဲများက သွားရောက်စစ်ဆေးခဲ့သည်။

ဈေးထဲတွင် အိတ်ဆိုင်၊ ဖိနပ်ဆိုင်နှင့် အင်္ကျီဆိုင်များရှေ့တွင် နိုင်ငံခြားသားအလုပ်သမားများ ဈေးရောင်းနေသည်ကို စစ်ဆေးတွေ့ရှိရပြီး ရဲတပ်ဖွဲ့များက အလုပ်လုပ်ခွင့်လက်မှတ်များ စစ်ဆေးခဲ့သည်။

၎င်းတို့အနက် မြန်မာအလုပ်သမား ၁၂ ဦးနှင့် လာအိုအလုပ်သမား ၁ ဦး တရားမဝင် လုပ်ကိုင်နေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

၎င်းတို့ကို အလုပ်လုပ်ခွင့် လက်မှတ်မရှိဘဲ တရားမဝင် လုပ်ကိုင်နေမှု၊ နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်မရှိသော အလုပ်များ လုပ်ကိုင်နေမှုများဖြင့် အမှုဖွင့်အရေးယူထားပြီး ဖရာထိုင်းရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဧပြီလ ၂၄ ရက်နေ့ကလည်း ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ အပန်းဖြေဟိုတယ် (Resort) တစ်ခုတွင် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သေးသည်။

မြန်မာအလုပ်သမားများသည် ထိုင်းတွင် အလုပ်လုပ်ခွင့်မရှိဘဲ ဝင်ရောက်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ကျခံရနိုင်ပြီး နေရပ်ပြန်လည်အပို့ခံရမည်ဖြစ်ကာ ထိုင်းတွင် အလုပ်လုပ်ခွင့် ၂ နှစ် ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Ref: Thai PBS, naewna