Modern Punks လက်နက်ကိုင်အဖွဲ့ကို ခရိုင်ပကဖ ဖမ်းဆီး၊ ဒေသခံများ အင်အားပြတောင်းဆိုသဖြင့် ပြန်လွှတ်ပေး

0
5513

Modern Punks လက်နက်ကိုင်အဖွဲ့ကို ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ပြည်သူများက ပြန်လွှတ်ပေးရန် တောင်းဆိုသဖြင့် နေ့ချင်းပြန်လွှတ်ပေးလိုက်ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ မေလ ၆ ရက် နံနက် ၈ နာရီခန့်တွင် လောင်းလုံးမြို့နယ် ကျေးရွာတစ်ရွာတွင် အဆိုပါအဖွဲ့ကို ခရိုင်ပကဖအဖွဲ့က လာရောက်ဖမ်း‌ဆီးခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

“လာဖမ်းတဲ့သူ‌တွေမှာက လူလေးဆယ်လောက် ပါလာတယ်။ ကားနှစ်စီးနဲ့ လာတာ။ အိမ်ကိုဝိုင်းပြီး ဝင်ဖမ်းတာ” ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောဆိုသည်။

လုံခြုံရေးအခြေအနေအရ ဖြစ်စဉ်ဖြစ်ပွားသည့် ကျေးရွာကို ဖော်ပြမပေးရန် ဒေသခံသတင်းအရင်းအမြစ်တို့က တောင်းဆိုထားသဖြင့် ကျေးရွာအမည်ကို မဖော်ပြခြင်းဖြစ်သည်။

Modern Punks အဖွဲ့ဦးဆောင်သူ ရဲဘော်မောင်ကြက်ဥနှင့် ၎င်းအဖွဲ့ဝင်များအားလုံးကို ဖမ်ဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ထိုသို့ဖမ်းသွားပြီးနောက် မောင်ကြက်ဥမှလွဲပြီး ကျန်အဖွဲ့ဝင်များကို ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

မွန်းလွဲ ၁ နာရီခန့်တွင် အင်အားရာချီရှိသည့် ဒေသခံများ စုပေါင်းပြီး မောင်ကြက်ဥအား လွှတ်ပေးရန် ‌ဆန္ဒပြတောင်းဆိုခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

ထို့နောက် ညနေ ၄ နာရီကျော်တွင် မောင်ကြက်ဥအား ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံတို့က ပြောသည်။

မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသည်၊ ဒေသခံများက မည်သည့်အတွက် လွှတ်ပေးရန် တောင်းဆိုသည်၊ မည်သည့် သဘောတူညီချက်တို့ဖြင့် ပြန်လွှတ်ပေးလိုက်သည် စသည့် အသေးစိတ်အခြေအနေကိုမူ ယင်းဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းများအား မေးမြန်းစုံစမ်းပြီး ဆက်လက်ဖော်ပြပါမည်။