စုပေါင်းခေါင်းဆောင်မှု အကြပ်အတည်းအပေါ် စကားဝိုင်း ဆွေးနွေးပွဲလုပ်မည်

0
145

စုပေါင်းခေါင်းဆောင်မှု အကြပ်အတည်းအပေါ် ရှုထောင့်ပေါင်းစုံက ချဉ်းကပ်ဆွေးနွေးမည့် စကားဝိုင်းကို မေလ ၇ ရက်ညတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ထုဆစ်မျှော်ရည် တနင်္သာရီ အစီအစဉ်၏ တတိယအကြိမ်မြောက် စကားဝိုင်းဆွေးနွေးပွဲဖြစ်ပြီး မေလ ၇ ရက်ည ၇ နာရီတွင် Dawei Watch သတင်းဌာနအပြင် အခြားသတင်းဌာနများကလည်း တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။

ယင်းအစီအစဉ်တွင် “စုပေါင်း ခေါင်းဆောင်မှုအကြပ်အတည်း ဘယ်လိုဖောက်ထွက်ကြမလဲ” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြမည်ဖြစ်သည်။

NUCC အပါအဝင် တနင်္သာရီဒေသနှင့် အခြားသော ဖက်ဒရယ်ယူနစ်အသီးသီးက စုပေါင်းခေါင်းဆောင်မှုကို အခြေပြုပြီးနိုင်ငံရေး တော်လှန်ရေး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရာတွင် မလိုအပ်ဘဲ နှောင့်နှေး ကြန့်ကြာ မှုများရှိနေကြောင်း စကားဝိုင်းကို ဦးဆောင်ကျင်းပသည့် MAGGA Initiativeအဖွဲ့ တာဝန်ရှိသူ မယ်ဆုက ပြောသည်။

ထိုကြောင့် ဖက်ဒရယ်စနစ် သွားသည့်အချိန်တွင် စုပေါင်းခေါင်းဆောင်မှုက မဖြစ်မနေအခြေခံရမည့် အရေးကြီးသည့်အစိတ်အပိုင်းတစ်ခုဖြစ်သည့်အတွက် ယင်းခေါင်းစဉ်ဖြင့် ဆွေးနွေးရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီအခင်းအကျင်းမှာပါဝင်နေကြတဲ့ အစုအဖွဲ့အားလုံးအနေနဲ့ ဒီအကြပ်အတည်းကိုဖြတ်ကျော်ဖို့အတွက် အချိန်မီပြုပြင်ပြင်ဆင် ပြောင်းလဲနိုင်ဖို့ ဒီစကားဝိုင်းအခင်းအကျင်းကနေ အဖြေရှာပံ့ပိုးနိုင်ဖို့ ရည်ရွယ်တာပါ”ဟု မယ်ဆုက ပြောသည်။

တော်လှန်ရေးတပ်ဦးဖြစ်သည့် NUCC အပါအဝင် တနင်္သာရီဒေသက နိုင်ငံရေးအင်အားစုများ၊ အခြားဒေသက အင်အားစုများနှင့် အဖွဲ့အစည်းတိုင်းကြုံတွေ့နေရသည့် အဓိကစိန်ခေါ်မှုအကြောင်းကိုလည်း ဆွေးနွေး အဖြေရှာကြ မည်ဖြစ်သည်။

အဆိုပါစကားဝိုင်းတွင် Advocate for Intersectional Equity၊ အမျိုးသမီးမဟာမိတ်အဖွဲ့ – မြန်မာ ( NUCC ကောင်စီဝင်)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ Tanawthari Karen United for Liberation and Equality စသည့် အဖွဲ့အစည်းများက လူငယ်ခေါင်းဆောင်များ ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။

ယင်းအစီအစဉ်၏ ပထမဆုံးစကားဝိုင်းကို ‘လက်နက်ကိုင်တော်လှန်ရေးနှင့် တနင်္သာရီလွတ်မြောက်ရေး’ ဆိုသည့် ခေါင်းစဉ်ဖြင့် ပြီးခဲ့သည့်နှစ် ဇွန်လ ၁၇ ရက်က ပြုလုပ်ခဲ့သည်။