အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron မြန်မာနိုင်ငံကထွက်ခွာ၊ ရှယ်ယာများကို MOGE နှင့် PTTEP တို့ထံရောင်းချ

0
360

အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron က ရတနာစီမံကိန်း အစုရှယ်ယာများအား စစ်ကောင်စီလက်အောက်ရှိ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ထိုင်းနိုင်ငံ၏ PTTEP ကုမ္ပဏီသို့ ရောင်းချခဲ့ပြီးနောက် မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ကြောင်း ဧပြီလ ၈ ရက်နေ့က ကြေညာခဲ့သည်။

အမေရိကန်စွမ်းအင်ကုမ္ပဏီ Chevron က မြန်မာနိုင်ငံ၏ အကြီးဆုံး ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းဖြစ်သော ရတနာစီမံကိန်းတွင် ပြင်သစ်ရေနံကုမ္ပဏီကြီး Total ထွက်ခွာပြီးနောက် အစုရှယ်ယာအများဆုံး ပိုင်ဆိုင်ခဲ့သော ကုမ္ပဏီဖြစ်သည်။

ယင်းအချိန်က ရတနာစီမံကိန်းတွင် Chevron ကုမ္ပဏီက ၄၁ ဒသမ ၁ ရာခိုင်နှုန်း၊ စစ်ကောင်စီပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ၂၁ ဒသမ ၈ ရာခိုင်နှုန်း နှင့် ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီက ၃၇ ရာခိုင်နှုန်း ပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်သည်။

ရတနာဓာတ်ငွေ့စီမံကိန်းမှ စစ်ကောင်စီအစိုးရကို ဝင်ငွေပေးချေနေသည့်အပေါ် အရပ်ဘက် အဖွဲ့အစည်းများက ဆက်တိုက် ဖိအားပေးလုပ်ဆောင်ခဲ့ပြီးနောက် ၂ နှစ်ကျော်အကြာတွင် Chevron သည် ၎င်း၏ လုပ်ငန်းကို ရုတ်သိမ်းတော့မည့် အစီအစဥ်အား ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် Chevron ကုမ္ပဏီက ကျန်ရှိနေသော ရှယ်ယာ ၄၁ ဒသမ ၁ ရာခိုင်နှုန်းကို စစ်ကောင်စီလက်အောက်ရှိ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ထိုင်းနိုင်ငံ၏ PTTEP ကုမ္ပဏီသို့ လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ထိုင်းနိုင်ငံ၏ PTTEP ကုမ္ပဏီ၏ ရှယ်ယာသည် ၆၂ ဒသမ ၉၆ ရာခိုင်နှုန်းအထိ ဖြစ်လာကြောင်း ဧပြီလ ၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ အစုရှယ်ယာများကို MOGE ထံရောင်းချခဲ့ခြင်းမှာ စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်နိုင်ရန် ဆက်လက်ခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များအတွက် ငွေကြေးအရင်းအမြစ်များက စစ်ကောင်စီလက်ထဲတွင် ရှိနေဆဲဖြစ်ကြောင်း Justice For Myanmar ကလည်း ထုတ်ပြန်ထားသည်။

အကယ်၍ Chevron ကုမ္ပဏီက မြန်မာပြည်မှ ထွက်ခွါမည်ဆိုလျှင်လည်း နိုင်ငံတကာ လူ့အခွင့်အရေးနှင့်ဆိုင်သည့် စံချိန်စံညွှန်းများနှင့်အညီ ထွက်ခွါသင့်ပြီး ပြည်သူများကို တရားဝင် ချပြသင့်ကြောင်း JFM ကဆိုသည်။

အထူးသဖြင့် MOGE အပေါ် ရှယ်ယာရောင်းခဲ့ခြင်းသည် စစ်ကောင်စီကို ဝင်ငွေစီးဆင်းစေခဲ့ခြင်းဖြစ်သဖြင့် လေယာဉ်ဆီနှင့် စစ်လက်နက်များကဲ့သို့ ဝယ်ယူနိုင်ရန် ထောက်ပံ့ခြင်းကဲ့သို့ ဖြစ်နေကြောင်း JFM ကဆိုသည်။

မူလက ကနေဒါပိုင် MTI Energy သို့ ရောင်းချရန် ပြင်ဆင်နေသည့် Chevron ၏အစီအစဉ်သည်လည်း အရပ်ဘက်အဖွဲ့အစည်းများ၏ ဖိအားပေးမှုကြောင့် ဖျက်သိမ်းလိုက်ပုံရကြောင်း ထုတ်ပြန်ခဲ့သည်။

Chevron အနေဖြင့် ၎င်း၏လူ့အခွင့်အရေးဆိုင်ရာ တာဝန်များကို ထုတ်ဖော်၍ တာဝန်ယူမှုအပြည့်ဖြင့် ထွက်ခွာရန်နှင့် မြန်မာနိုင်ငံအတွင်း ၎င်း၏ စီးပွားရေး လုပ်ငန်းများကြောင့် ထိခိုက်နစ်နာခဲ့ရသူများအတွက် လျော်ကြေးပေးမည့်ကိစ္စများကိုလည်း ဖော်ပြသင့်ကြောင်း JFM က ထောက်ပြထားသည်။

သက်တမ်း ၂၆ နှစ်ကျော် ရှိလာပြီဖြစ်သော ရတနာကမ်းလွန်စီမံကိန်းသည် လက်ရှိတွင် နှစ်စဉ် သဘာဝဓာတ်ငွေ့ကုဗပေ ဘီလီယံ ၂၁၂ ကျော် ထုတ်လုပ်နေပြီး ၇၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံကို တင်ပို့နေကာ ကျန် ၃၀ ရာခိုင်နှုန်းကို MOGE ကတဆင့် ပြည်တွင်းတွင် အသုံးပြုနေခြင်းဖြစ်သည်။

ကနေဒါ၊ ယူကေနှင့်သြစတြေးလျနိုင်ငံများအနေဖြင့် MOGE ကို ပိတ်ဆို့အရေးယူရန်နှင့် အမေရိကန်အနေဖြင့် MOGE ကို အပြည့်အ၀ပိတ်ဆို့အရေးယူပြီး ဘဏ္ဍာရေးဝန်ဆောင်မှုများအပေါ် လက်ရှိချမှတ်ထားသော ပိတ်ဆို့မှုများကို ဆက်လက်သက်တမ်းတိုးပေးရန် Blood Money နှင့် JFM များက တိုက်တွန်းထားသည်။