တိုင်းအတွင်း ဖေဖော်ဝါရီလတွင် စစ်ဘေးရှောင်တစ်သောင်းကျော်တိုးလာ၊ စုစုပေါင်းသုံးသောင်းကျော်ရှိပြီ

0
1056

တနင်္သာရီတိုင်းတွင် ဖေဖော်ဝါရီလအတွင်း စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော်တိုးသွားပြီး ဖေဖော်ဝါရီလကုန်အထိဆိုလျှင် ဒုက္ခသည်စုစုပေါင်း ၃၁၀၀၀ ကျော်အထိရှိလာကြောင်း FE5 Tanintharyi ၏ ဖေဖော်ဝါရီလအစီရင်ခံစာအရ သိရသည်။

FE5 Tanintharyi သည် တနင်္သာရီတိုင်းအတွင်းရှိ ပဋိပက္ခ အခြေအနေများ၊ အရပ်သားများအပေါ် ကျူးလွန်မှုများ၊ အရေးကြီးသော လူမှုစီးပွား အဖြစ်အပျက်များ၊ စစ်ပွဲနှင့် စစ်ဘေးရှောင်များကို သုတေသနပြုကာ လစဉ်အစီရင်ခံစာ ထုတ်နေခြင်းဖြစ်သည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်အထိ တိုက်ပွဲဖြစ်ပွားမှု၊ နေအိမ်မီးရှို့ခံရမှု၊ အရပ်သား ဖမ်းဆီးခံရမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၃၁၀၀၀ကျော်အထိ ရှိနေကြောင်း ဖေဖော်ဝါရီလအစီရင်ခံစာတွင် ဖော်ပြထားသည်။

ဇန်နဝါရီလအထိ စစ်ဘေးရှောင်နှစ်သောင်းခန့်သာရှိပြီး ဖေဖော်ဝါရီလအတွင်း စစ်ဘေးရှောင် ၁၁၀၀၀ ကျော် ထပ်တိုးလာခြင်းဖြစ်ကြောင်း ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအစီရင်ခံစာတို့အရ သိရသည်။

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်းတွင် မြိတ်ခရိုင် ပုလောနှင့် တနင်္သာရီမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှု၊ အရပ်သားနေအိမ်များ မီးရှို့ခံရမှုများကြောင့် စစ်ဘေးရှောင် ဦးရေသည် သိသိသာသာပိုမိုများပြားလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဖေဖော်ဝါရီလ တစ်လတည်းတွင် တိုးလာသည့် စစ်ဘေးရှောင်တစ်သောင်းကျော်အနက် အားလုံးနီးပါးမှာ ပုလောမြို့နယ်တစ်ခုတည်းမှဖြစ်ကြောင်း ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအစီရင်ခံစာတို့ပါ အချက်အလက်များအရ သိရသည်။

ကော့သောင်းခရိုင် ထိုင်း-မြန်မာနယ်စပ်ရှိ ဝိုင်ဒင်းရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်း မဟာမိတ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့်လည်း ဒေသခံပြည်သူ ၁၅၀ ကျော်သည် ထိုင်းနိုင်ငံ ရနောင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြထားသည်။

ဖေဖော်ဝါရီလကုန်အထိ တိုင်းအတွင်း စစ်ဘေးရှောင် စုစုပေါင်း ၃၁၀၀၀ ကျော်ရှိသည့်အနက် ပုလောမြို့နယ်တွင် အများဆုံးဖြစ်သည်။

ပုလောတွင် ကျေးရွာ ၂၀ကျော်မှ ဒေသခံ ၂၇၆၀၀ ကျော် စစ်ဘေးရှောင် နေရခြင်းဖြစ်သည်ဟုဆိုသည်။

ပုလောတွင် စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေသူများရှိသလို စခန်းပြင်ပ နီးစပ်ရာတောတောင်၊ မြို့ရွာနှင့် ဆွေးမျိုးမိတ်ဆွေများထံ ခိုလုံနေသူများလည်း ရှိကြောင်း ဖော်ပြသည်။

စစ်ဘေးရှောင်စခန်းတွင် ၂၆၀၀ကျော်ရှိပြီး စခန်းပြင်ပတွင် ၂၅၀၀၀ကျော်ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

ဒုတိယအများဆုံးမှာ တနင်္သာရီဖြစ်သည်။ ကျေးရွာ ၁၀ ကျော်မှ ဒေသခံပြည်သူ ၃၀၀၀ ကျော် စစ်ဘေးရှောင်နေရ ကြောင်းသည်ဟုဆိုသည်။ ၎င်းတို့မှာ တိုက်ပွဲငြိမ်သက်လျှင် ကျေးရွာတွင် ပြန်နေလေ့ရှိသူများဖြစ်ကြောင်းလည်း ရေးသားထားသည်။

ယင်းနောက် ထားဝယ်ခရိုင် ထားဝယ်မြို့နယ်တွင် ၂၁၈ ဦး၊ လောင်းလုံးမြို့နယ်တွင် ၁၅၀ ဦးခန့် စစ်ဘေးရှောင်နေရဆဲ ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

ဖေဖော်ဝါရီလတွင် စစ်ကောင်စီတပ်က တနင်္သာရီတိုင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာချိန်၌ စစ်ဘေးရှောင်များကို လူသားဒိုင်းလုပ်ဖမ်းဆီးမှုများ၊ ဖမ်းဆီးငွေညှစ်မှုများနှင့် နေရပ်သို့ ပြန်သွားကာ ပစ္စည်းယူရာတွင် သတ်ဖြတ်ခံရမှုများ ဆက်တိုက်ကြုံတွေ့နေခဲ့ရကြကြောင်း FE5 အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်ကြောင်းထိုးချိန်နှင့် တိုက်ပွဲဖြစ်ပွားချိန်တို့တွင် ဒေသခံများ တိမ်းရှောင်ကြပြီး အခြေအနေတည်ငြိမ်လျှင် နေရပ်တွင် ပြန်လည်နေထိုင်ကြသဖြင့် အရေအတွက် အပြောင်းအလဲရှိနိုင်ကြောင်း အစီရင်ခံစာက ဆိုသည်။

ယခုမတ်လတွင်လည်း ပုလော၊ တနင်္သာရီ၊ လောင်းလုံးအပါအဝင် မြို့နယ်အချို့တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူ ဆက်လက်တိုးလာနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။