စစ်မှုထမ်းအသက်မီသူများ ရပ်/ကျေး ထောက်ခံစာပါမှ ခရီးသွားခွင့်ပြုရန် စစ်ကောင်စီစတင်လုပ်ဆောင်

0
2552
ပုံစာ - မြိတ်ကားကွင်း

စစ်မှုထမ်းအရွယ်တွင် အကြုံးဝင်သည့် လူငယ်များ ခရီးသွားမည်ဆိုပါက ရပ်ကွက် နှင့် ကျေးရွာ ထောက်ခံစာလိုအပ်မည်ဖြစ်ကြောင်း အဝေးပြေးယာဉ်လိုင်း လုပ်ငန်းလုပ်ကိုင်သူ အသိုင်းထံမှစုံစမ်းသိရှိရသည်။

မြိတ်မြို့ ရှိ အဝေးပြေးမော်တော်ယာဉ်လိုင်း လုပ်ငန်းလုပ်ကိုင်သူများကို စစ်ကောင်စီက ယနေ့ မနက်ပိုင်းတွင် ယင်းသို့အကြောင်းကြားလာခြင်းဖြစ်သည်။

ထောက်ခံစာပါမှသာ ခရီးသည်ကို ယာဉ်ပေါ်တင်ဆောင်ခြင်းပြုရန် စစ်ကောင်စီတာဝန်ရှိသူက ယာဉ်လိုင်းတာဝန်ရှိသူများကို ဖုန်းဆက်ပြောဆိုခြင်း ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

တရားဝင် စာထုတ်အကြောင်းကြားတာမျိုး မဟုတ်ဘဲ ယာဉ်လိုင်းတာဝန်ရှိသူများကို ဖုန်းဆက်ညွှန်ကြားခြင်းမျိုး ဖြစ်ကြောင်းသိရသည်။

ထားဝယ်မြိုတွင်မူ ခရီးသွား ရပ်ကွက်ထောက်ခံစာနှင့် ပတ်သက်ပြီး အကြောင်းကြာလာခြင်းမျိုး မရှိသေးကြောင်း အဝေးပြေးမော်တော်ယာဉ်လိုင်း လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးကပြောသည်။

“သတင်းတော့ကြားတယ်။ ဒါပေမဲ့ လာမပြောသေးဘူး လောလောဆယ်တော့ မှတ်ပုံတင် နဲ့ ခရီးသွားလို့ရသေးတယ်”ဟု သူမကပြောသည်။

ကော့သောင်းတွင်မူ ယင်းသို့ သီးသန့်ညွန်ကြားထားမှုမျိုး မရှိသော်လည်း လမ်းတွင်ရှိသော စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ရဲစခန်းထောက်ခံစာ၊ ရပ်/ကျေးထောက်ခံစာများ ပြသခိုင်းကြောင်း သိရသည်။

မွန်ပြည်နယ်တွင် မတ်လ ၂၀ ရက်နေ့မှစပြီး ခရီးသွားမည့် သူများကို ရပ်ကွက်ထောက်ခံစာ သို့မဟုတ် ရဲစခန်းထောက်ခံစာ တောင်းသည့်အပြင် ခရီးသွားမှတ်တမ်းပါ ဖြည့်ခိုင်းကြောင်း မွန်သတင်းဌာနများက သတင်းဖော်ပြကြသည်။

သို့သော် မြိတ်နှင့်ထားဝယ်မြို့များတွင် ယင်းသို့ ခရီးသွားမှတ် တမ်းဖြည့်ခိုင်းခြင်းမျိုး မရှိကြောင်း အဝေးယာဉ်လိုင်းလုပ်ငန်းရှင်များနှင့် ခရီးသည်များထံမှ စုံစမ်းသိရှိရသည်။

မြိတ်မြို မှ လေကြောင်းဖြင့် ခရီးသွားမည်ဆိုပါကလည်း ရပ်/ကျေး ထောက်ခံစာ ပြသရမည်ဖြစ်ကြောင်း ပြီးခဲ့သည့်လက စာထုတ်ညွှန်ကြားထားသည်။

စစ်ကောင်စီက အဓမ္မစစ်မှုထမ်းစေရန် လုပ်ငန်းစဉ်များ စတင်ပြီးနောက် လူငယ်အများအပြားမှာ ဒေသကိုစွန့်ခွာပြီး လွတ်မြောက်ရာဒေသများသို့ ထွက်ခွာလျက်ရှိသဖြင့် စစ်ကောင်စီက ခရီးသွားလာမှုများကို ကန့်သတ်လာခြင်းဖြစ်သည်။