မြဝတီ-မဲဆောက် အမှတ် ၁ တံတား ယနေ့ပြန်ဖွင့်

0
263
ပုံစာ - ယနေ့ နေ့လယ်ပိုင်းတွင် တွေ့ရသော အမှတ် ၁ တံတား အခြေအနေ။ ဓာတ်ပုံ - Nan Zin Mar (Online Shop)

မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် ၁ တံတားကို ယနေ့(ဧပြီ ၂၇) နံနက်ပိုင်းတွင် မြန်မာဘက်က ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း အမှတ် ၁ တံတား ကိုဖြတ်သန်းသွားလာသူများထံမှ သိရသည်။

မြဝတီမြို့တွင် တိုက်ပွဲပြင်းထန်လာပြီးနောက် မဲဆောက်-မြဝတီ ချစ်ကြည်ရေး အမှတ် ၁ တံတားကို ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာဘက်က ယာယီပိတ်ထားခဲ့ပြီးနောက် ၇ ရက်မြောက်နေ့တွင် ပြန်လည်ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။

ယနေ့ နံနက်ပိုင်းအချိန်မှစ၍ တံတားကို မြန်မာဘက်က ပြန်ဖွင့်လှစ်ပေးလိုက်သဖြင့် တံတားပေါ်တွင် ဖြတ်သန်းသွားလာသူများ ပိုများခဲ့ပြီး နေပူပူတွင် တန်းစီစောင့်ဆိုင်းနေသူများလည်း ရှိနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဒီနေ့ပဲ တံတားဖွင့်လိုက်ပြီ။ ဖွင့်လိုက်တာနဲ့ သွားတဲ့သူတွေတန်းစီနေကြတာ နေပူထဲ။ ထိုင်းဘက်က ရက်ကျော်ခတွေ လျှော့ပေးနေတာမျိုးလည်း တွေ့ရတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူကြဘူး” ဟု ၎င်းကဆိုသည်။

အမှတ် ၁ တံတားကို မြန်မာဘက်က ယာယီပိတ်ထားသဖြင့် မဲဆောက်ဘက် ပိတ်မိနေသူများ ယနေ့ တံတားဖြတ်သန်းသွားလာရာတွင် ထိုင်းဘက်က ရက်ကျော်နေထိုင်ခွင့် ဒဏ်ကြေးများ ပုံမှန်ထက် လျှော့ပေးနေကြောင်း ၎င်းကဆိုသည်။

မဲဆောက်ဘက်တွင် ရက်ကျော်နေထိုင်သူများ တစ်ပတ်ကျော်သူများကို ၂၀၀ ဘတ်၊ ၃ ရက်ကျော်ပါက ၁၀၀ ဘတ်သာ ထိုင်းဘက်တွင် ဒဏ်ကြေးဆောင်နေရကြောင်း ၎င်းကဆိုသည်။

ပုံမှန်အချိန်များတွင် မဲဆောက်ဘက် ရက်ကျော် နေထိုင်နေထိုင်သူများ တစ်ရက်လျှင် ဘတ် ၁၀၀ နှုန်းဖြင့် ထိုင်းဘက်တွင် ဒဏ်ကြေးဆောင်ရလေ့ရှိကြောင်း သိရသည်။

ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (TBP) ဖြင့် တံတားပေါ်က ဝင်လာသော မြန်မာနိုင်ငံသားများသည် မဲဆောက်တွင် ၇ ရက်သာ နေထိုင်ခွင့်ရှိပြီး နေထိုင်ခွင့် ရက်ကျော်ပါက ထိုင်းဘက်တွင် ဒဏ်ကြေးပေးဆောင်ရသည်။

တံတားဖွင့်လှစ်ပြီး အချိန်မှစ၍ ယခင်ပုံစံများအတိုင်း ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်များဖြင့် ဝင်ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။