“ပဲဒက်စခန်းသိမ်းနိုင်တာ ဘာထူးခြားလဲ”

0
876

(၁) ဒီနေ့ အိပ်ယာနိုးတော့ ပထမ ဆုံးဖတ်မိတဲ့သတင်းက -“ပဲဒက်စခန်းကို တော်လှန်ရေးတပ်တွေက သိမ်းလိုက်ပြီ၊ စကစ ၂၀ လောက်အရှင်မိ၊ လက်နက်တွေလည်းရ”- ဆိုတဲ့သတင်းပါ။

ဒီနေရာမှာ မေ ၅ ရက်ကနေ တိုက်ပွဲဖြစ်နေပြီး ၆ ရက်နေ့မှာ ဒီစခန်းနဲ့သိပ်မဝေးတဲ့ ကျောက်ဆည်ရွာက ပျုစခန်းကို သိမ်းလိုက်တယ်။

“အင်အား ၄၀ ကျော်ရှိတဲ့အပြင် လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူနဲ့ပါ ခုခံနေတဲ့ ပဲဒက်ကိုတော့ ဒီမနက်ပိုင်းမှာမှ သိမ်းနိုင်တယ်-” သတင်းက ဒီလို ဆိုပါတယ်။

ရခိုင်၊ ကချင်၊ ကရင်နီ၊ ကရင်ဖက်က မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေနဲ့ နှိုင်းယှဉ်ရင်တော့ ဒီစခန်းက ဘာမှမဟုတ်လောက်ဘူးလို့ပြောနိင်ပါတယ်။ သတင်းသဘောအရလည်း တစ်နိုင်ငံလုံးအတိုင်းအတာအရ သတင်းကြီးတွေကိုသာ ဦးစားပေးနေရတဲ့ -ပဲဒက်စခန်းသိမ်းတိုက်ပွဲကို ၂ ရက်လောက်ပဲ သတင်းအတိုအဖြစ် တင်ပေးနိုင်ခဲ့ပါတယ်။

တိုက်ပွဲတိုင်းဟာ သူနေရာနဲ့သူ အရေးကြီးတယ်ဆိုတဲ့အတိုင်း -ပဲဒက်စခန်း-သိမ်းတိုက်ပွဲဟာလည်း သရက်ချောင်းနဲ့ ပုလောမြိုနယ်ကြား၊ တစ်နည်းအားဖြင့် ထားဝယ်- မြိတ်ကားလမ်းပေါ်က အရေးကြီးတဲ့ ဗျုဟာ စခန်းတခုဖြစ်ပါတယ်။

မင်းတပ်က ဆလိုင်းယောမာန်ရဲ့ စကားကို ငှားပြောရမယ်ဆိုရင်တော့… ဒိုမီနိုတွေ တစ်ခုပြီး တစ်ခုလာနေတဲ့သဘောပါပဲ။ အရင်ကဆိုရင်တော့ – ဟိုနေရာက သောင်ပြိုတာနဲ့ ဒီနေရာက နွားမ ပေါင်ကျိုးတာ ဘာမှမဆိုင်ဘူးလို့ ဆိုလေ့ရှိကြတယ်မဟုတ်လား။

အခုက အဲလို မဟုတ်တော့ဘူး… ဟိုး… ကချင်ပြည်နယ် မံစီက စခန်းကိုသိမ်းနိုင်တာနဲ့ တနင်္သာရီက ပဲဒက်စခန်းသိမ်းမှု တပြိုင်တည်းဖြစ်တာ ဘာမှမဆိုင်ဘူးလို့ ပြောမရတော့ပါ။

ဒိုမီနို သီအိုရီအရ အားလုံးဟာ တစ်ဆက်တစ်စပ်တည်း၊ တစ်ပြိုင်တည်းဖြစ်နေပြီး “စစ်ကောင်စီဖက်က တစ်ခုပြီးတစ်ခုပြိုကျ၊ တော်လှန်ရေးအင်အားစုတွေဖက်က တစ်ခုပြီးတစ်ခု အသာရ” ဒီလို သွားနေတာကို တဖြေးဖြေးနဲ့ မြင်သာလာနေပါတယ်။

ပြီးတော့ အရင်ခေတ်ကလို တစ်ဖွဲ့ချင်း တစ်နေရာချင်းစီမှာ သီးခြားစီ တိုက်နေတာမျိုးမဟုတ်ဘူး။ အဖွဲ့အားလုံးက ဟန်ချက်ညီ စုပေါင်းတိုက်ပွဲဝင်နေတာဖြစ်တယ်။ ဒိုမီနိုတွေ ဆက်တိုက်လာဖို့အတွက် သံပူတုန်း နာနာထုဖို့လိုပါတယ်။

(၂) ကိုယ်နဲ့မဆိုင်သလို နေလို့မဖြစ်ပါ

အမှန်တိုင်းပြောရရင် ပဲဒက် (ထားဝယ်ဒေသမှာတော့ ပဲ- လို့ပဲ ခေါ်ကြပါတယ်) ရွာကို စာရေးသူ မရောက်ဖူးပါ။ (၂၀၁၇- ခုနှစ် ထားဝယ်-ပုလောခရီးစဉ်အတွင်း ဘတ်စ်ကားစီးပြီး အဲဒီရွာလမ်းပေါ်ကနေ ဖြတ်သွားဖူးတာကလွဲရင်)။ ဒီရွာက ထားဝယ်နဲ့ ဘယ်လောက်ဝေးလို့လဲ…။ အလွန်ဆုံးရှိလှ မိုင် ၄၀၊ ၄၅ မိုင်ပေါ့။

စာရေးသူတို့မွေးဖွားတာက မဆလ ခေတ်ဆိုတော့ အမဲရောင်၊ အညိုရောင် နယ်မြေတွေက အများကြီး။ ထားဝယ်ကနေ မြောက်ဖက်သွားမယ်ဆိုရင် ရေဖြူမြို့အလွန် ဆင်သေရွာလား မသိဘူး။ ၁၆ မိုင်အထိပဲ စက်ဘီးထရေနင်စီးရင်း ရောက်ဖူးပါတယ်။ အဲ- အောက်ဖက်ကို ဆင်းမယ်ဆိုရင်တော့ သရက်ချောင်းအလွန်က ဘာရွာလဲမသိဘူး ၁၈ မိုင်အထိပဲ စက်ဘီးထရေနင် သွားဖူးပါတယ်။

အဲဒီနေရာတွေရဲ့အလွန်ဟာ အညိုရောင် သို့မဟုတ် အနက်ရောင်နယ်မြေတွေလို့ ဆိုပါတယ်။ ထားဝယ်ကောလိပ်မှာတွေ့ဖူးတဲ့ ဘိတ်-ပုလောဖက်က ကျောင်းသားအတော်များများဟာလည်း ဒီလမ်းကနေ မလာဘူး။ လှေတွေ-သဘောင်္တွေနဲ့ ကျောင်းလာတက်ကြ၊ လူအများစုဟာလည်း ရေကြောင်းကိုပဲ အဓိကထား သွားလာကြပေါ့…

ဒီလို မသွားရဲ မလာရဲဖြစ်နေတဲ့ အညိုရောင်နယ်မြေကို ဘယ်အချိန်မှ ရောက်ဖူးသလဲဆိုတော့ ၈ လေးလုံးအရေးတော်ပုံအပြီး ကျောင်းသားတွေတောခိုမှ၊ တောတွင်း မင်းသမီးစခန်းကနေ ခုနကပြောတဲ့ ပဲ-အစ်အစ် (တောတွင်းကာလမှာတုန်းကတော့ အဲဒီဒေသကို ပဲ-အစ်အစ် ဂွင်လို့ ခေါ်ကြပါတယ်) ဂွင်အပါဝင် သရက်ချောင်းကနေ မြိတ်-ကော့သောင်ကြားရှိ အညိုရောင်- အနက်ရောင်နေရာ အတော်များများကို ရောက်ခဲ့ဖူးပါတယ်။

တစ်ခါ ထားဝယ်ကနေ ထီးခီးဖက်ထွက်မယ်ဆိုရင်လည်း တောင်သုံးလုံး အထိပဲ စက်ဘီးထရေနင် သွားဖူးပါတယ်။ တောင်သုံးလုံး- ဟိန္ဒားလွန်ရင် ကော်သူးလေတွေ ရှိတယ်ဆိုလား… မသွားရဲ ပြန်ဘူး။

မေတ္တာတိုက်ပွဲဆိုတာ စာရေးသူတို့ တောမခိုခင်ကတည်းက နာမည်ကြီးတဲ့နေရာပါ။ စစ်တပ်ဖက်က သောက်သောက်လဲသေတယ်ဆိုပြီး ထားဝယ်အထိ နာမည်ကြီးခဲ့ပေါ့…။

ဆိုလိုတာက ထားဝယ်ပတ်လည် မိုင် ၃၀ လောက် တည်ငြိမ်နေတာကိုပဲ အဟုတ်ထင်ပြီး အဲဒီ မိုင် ၃၀ အလွန်မှာဖြစ်နေတာတွေကို ကိုယ်နဲ့မဆိုင်သလို နေလာခဲ့တာ မဆလ ခေတ် တစ်ခေတ်လုံး… နှစ်ပေါင်း ဘယ်လောက်ကြာခဲ့သလဲ…။

အခုတော့ အဲလို နေလို့မရတော့ဘူး။ တိုက်ပွဲတွေက အရင်လို အကန့်အသတ်နဲ့ဖြစ်နေတာမဟုတ်ဘူး။ အေးဆေးလို့ ခင်ဗျားထင်ထားတဲ့ ထားဝယ်မြို့လယ်မှာလည်း အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်။ အခုတိုက်ပွဲက ဖြစ်ပြီး ပြန်ဆုတ်တဲ့ အရင်ခေတ်လိုမဟုတ်ဘူး။ မြို့သိမ်း နယ်သိမ်းတိုက်ပွဲတွေအဆင့် ရောက်နေပြီဖြစ်ပါတယ်။

ဒါကြောင့် မဆလ ခေတ်၊ နဝတ ခေတ် (အဲ NLD ခေတ်လည်း ပါပါတယ်) ခေတ်လို တိုက်ပွဲက အဝေးကြီးမှာဖြစ်နေတာ၊ ငါနဲ့မဆိုင်ဘူး။ ကိုယ့်ဒေသအေးဆေးနေရင် အိုကေ တယ်ဆိုပြီး နေလို့မဖြစ်တော့ပါ။ ဒေသတွင်းရော- တနိုင်ငံလုံးအခြေအနေကိုကော နေ့စဉ် နားစွင့်ထားဖို့လိုပါတယ်။

(၃) တိုက်ပွဲပုံသဏ္ဍန်ပြောင်းသွားပြီ

နောက် အရေးတကြီး သတိထားဖို့လိုတာက အခုဖြစ်နေတဲ့ တိုက်ပွဲတွေဟာ အရင် ကွန်မြူနစ်ခေတ်၊ ၈၈ ခေတ်က တိုက်ပွဲတွေလို နေရာအကန့်အသတ်၊ နယ်မြေအကန့်အသန့်နဲ့ တစုချင်း၊ တဖွဲ့ချင်းက တိုက်ပွဲဖေါ်နေတာမျိုးမဟုတ်တော့ဘူး။

ဆိုလိုတာက အရင် ၈၈ စာရေးသူတို့ တောထဲမှာနေစဉ်က မာနယ်ပလောမှာကျင်းပနေတဲ့ အစည်းအဝေး၊ မာနယ်ပလောကနေ ထိုးစစ်ဆင်နေတဲ့ ရှေ့တန်းစခန်းတွေအကြောင်းကို ရန်ကုန်က လူတွေ ဘာမှမသိနိုင်၊ သိခွင့်မရခဲ့ပါဘူး။

အခုက ဘယ်နေရာမှာ ဘယ်သူတွေ ဘာလုပ်နေတယ်ဆိုတာ စကန့်ပိုင်းအတွင်း သိနိုင်တဲ့ နည်းပညာက ရှိနေပြီ။ လိုင်ဇာ-မယ်စဲ့-ဖာပွန်-ပုလော-မြောက်ဦး-စသဖြင့် လွတ်မြောက်နယ်မြေ အသီးသီးက ပုဂ္ဂိုလ်တွေတပြိုင်တည်းစကားပြောနိုင်သလို ဝါရှင်တန်-လန်ဒန်-ဘန်ကောက် တစ်ချိန်တည်း ချိတ်ဆက်လို့ရနေပြီဖြစ်ပါတယ်။

စာရေးသူ အမှတ်မမှားဘူးဆိုရင် … အရင် ၈၈ ခေတ်က အခု တိုက်ပွဲဖြစ်နေတဲ့ ပဲဒက်- အောက်သရက်ချောင်း၊ တောင်ပျောက်ဂွင်၊ ပြီးတော့ ပုလောဖက်က ပြည်ခြား-ထမင်းမစား- ပုလော-ပလောက်… စသဖြင့် နေရာအတော်များများမှာ ရဲခစန်းတွေ တပ်စခန်းတွေကို သိမ်းခဲ့ပေမယ့် ဒီလို တနိုင်ငံလုံး ဟန်ချက်ညီ အစီစဉ်အရ သိမ်းတာမျိုးမဟုတ်ဘူး။

ကိုယ့်အစီစဉ်နဲ့ကိုယ်၊ ကိုယ့်ဒေသရဲ့ ညွန်ကြားချက်နဲ့ကိုယ် ဒေသဆိုင်ရာ စစ်ရေးစီမံချက်လောက်နဲ့သွားခဲ့တာပါ။ အဓိက ဦးတည်ချက်က စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲဖေါ်ဖို့ မဟုတ်ဘူး။ “ကျေးလက်ကို အခြေခံ မြို့ပြကိုဝန်းရံ” ဆိုတဲ့ သီအိုရီအရ စစ်တပ်ကို ဖိအားပေပြီး နိုင်ငံရေးဆွေးနွေး ပွဲတွေလုပ်လာအောင် စစ်ရေးအရ ဖိအားပေးခြင်းသာဖြစ်ပါတယ်။

အခုစစ်ပွဲတွေက နိုင်ငံရေးဆွေးနွေးလာအောင် ဖိအားပေးရုံသက်သက် မဟုတ်တော့ဘူး။ “နိုင်ငံရေးအရ လူထုတောင်းဆိုနေတာကို လက်မခံရင် မင်း ညောင်းတော့” ဆိုတဲ့အဆင့်ကိုရောက်သွားပြီ။ မြို့ပြကို ဝန်းရံတဲ့အဆင့်မဟုတ်တော့ဘူး၊ မြို့သိမ်းတိုက်ပွဲဖြစ်သွားပြီ။

“ဒီဖက်ဆစ် စစ်တပ်နဲ့ဆွေးနွေးလို့မရတော့ဘူး။ အပြတ်တိုက်မှရတော့မယ်။ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ဆိုတဲ့ သီအိုရီအရ စခန်းတွေသိမ်း၊ မြို့တွေသိမ်းနေတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေ တဖြည်းဖြည်းနည်းလာပြီး တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေ တဖြည်းဖြည်း များလာဖို့ဖြစ်ပါတယ်။

ရှေ့မှာပြောခဲ့တဲ့ ဒိုမီနို သီအိုရီဆိုတဲ့အတိုင်း ဒါတွေဟာ တစ်ဆင့်ချင်း တဖြည်းဖြည်းသွားနေရတဲ့ အချိန်ရှိသလို အရှိန်အဟုန်နဲ့ ဝုန်း ကနဲ အားလုံးတစ်ပြိုင်တည်း ပြိုကျသွားတာမျိုးလည်း အချိန်မရွေးဖြစ်လာနိုင်ပါတယ်။

အဲတော့… ခင်ဗျားက ဘာလုပ်မှာလဲ…။ အဲဒီလို ပြိုကျလာတဲ့အချိန်ကို ဆေးလိပ်ဖွာရင်း- ဘီယာသောက်ရင်း၊ ဖုန်းပွတ်ရင်းနဲ့ ဒီတိုင်း ထိုင်စောင့်နေမှာလား…

NUG, PDF, ERO တွေ ဘာလုပ်နေလဲ…။ ၃ နှစ်ကြာတဲ့အထိ တော်လှန်ရေးက မပြီးသေးဘူးလား -ဘာလား- ညာလား-ပြောပြီး ကိုယ်နဲ့မဆိုင်သလို နေမြဲအတိုင်းနေ- စားမြဲအတိုင်းစားပြီး ဘေးထိုင်-ဘုပြော ဆက်လုပ်နေမှာလား…

၃ နှစ်တာအတွင်း ထောက်ပို့အတွက် ဘာလုပ်ဖူးခဲ့သလဲ…။ ဆန္ဒပြပွဲတုန်းက ပါခဲ့ဖူးသလား။ မပါရင်တောင် နောက်ကနေ ရေပုလင်း-အစားအစာပေးတာမျိုးလုပ်ဖူးလား…

အခုဆိုရင် ထောက်ပို့ဖြစ်ဖို့က လွယ်လွယ်လေးပဲ။ ဟိုး ၈၈ ခေတ်ကလို လူကိုယ်တိုင် သွားနေစရာမလိုဘူး။ အွန်းလိုင်းပေါ်မှာ ကလစ်လေးတချက်နှိပ်လိုက်ရုံနဲ့ တော်လှန်ရေးမှာ ပါဝင်နိုင်တာကို ဘာမှမနှိပ်ပဲ ဘာတွေ လျောက်ပြောနေတာလဲ…

ပြန်ချုပ်ရရင် -ပဲဒက်-စခန်းသိမ်းတိုက်ပွဲဆိုတာ မံစီက စခန်းသိမ်းတာ၊ ဖားဆောင်းကစခန်းသိမ်းတာ၊ ကော့ကရိတ်ကစခန်းသိမ်းတာ၊ သံတွဲကစခန်းသိမ်းတာတွေနဲ့ ဆက်စပ်နေပါတယ်။ တနိုင်ငံလုံးမှာဖြစ်နေတဲ့ စစ်ပွဲထဲက တိုက်ပွဲတခုသာဖြစ်ပါတယ်။

ဒီလိုစခန်းသိမ်းတိုက်ပွဲတွေ ခင်ဗျားနေတဲ့ ရွာ- မြို့တွေမှာလည်း အချိန်မရွေးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မဆလ ခေတ်၊ နဝတ ခေတ်လို “တိုက်ပွဲတွေက တောထဲမှာပဲ ဖြစ်နေတာ။ ငါတို့မြို့မှာတော့ အေးဆေး” ဆိုပြီး ဆက်မနေပါနဲ့။

နိုင်တဲ့နေရာကနေ တော်လှန်ရေးအတွက် ပါဝင်ကြဖို့ အချိန်ရောက်နေပြီဖြစ်ပါကြောင်း… တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

ထက်အောင်ကျော်

(၈- ၅- ၂၀၂၄)