ပဲဒက်စခန်းသိမ်းတိုက်ပွဲအပြီး ကနက်သီရိကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲ၊ ကလေးနှစ်ဦးသေ

0
618

ပဲဒက်စခန်းသိမ်းတိုက်ပွဲအပြီးတွင် ကနက်သီရိကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးနှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

ယနေ့(မေ ၈) ညနေ ၄ နာရီခွဲခန့်တွင် ကနက်သီရိကျေးရွာ ဘောလုံးကွင်းနှင့် စာသင်ကျောင်းကို ဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဘောလုံးကန်ကစားရန် စောင့်ဆိုင်းနေသည့် အသက် ၁၃ နှစ်အရွယ်ကလေးငယ်နှစ်ဦး သေဆုံးပြီး ၆ ဦးခန့်ဒဏ်ရာရခဲ့သည်ဟု ၎င်းတို့က ပြောသည်။

“လေယာဉ်လာသံတောင်မကြားလိုက်ဘူး၊ ဗုံးသီးကျသံကြားမှ ရုတ်တရက်နီးတဲ့နေရာ ဝပ်နေလိုက်ရတာ၊ ကလေးနှစ်ယောက်သေတယ်၊ လေးငါးခြောက်ယောက်လောက် ဒဏ်ရာရတယ်” ဟု ကနက်သီရိကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းအပြင် ရငဲရွာနှင့် ကမြိုင်ရွာကြားကိုလည်း ဗုံးကြဲချခဲ့သဖြင့် ဆေးရုံအဆောက်အအုံနှင့် ဥယျာဉ်ခြံတချို့ ထိခိုက်ပျက်စီးသည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

စခန်းသိမ်းတိုက်ပွဲက ပြန်လာသည့် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကနက်သီရိ၊ ရငဲ၊ ကမြိုင်ကျေးရွာများကို ဖြတ်ပြီးပြန်လာစဉ် ဒေသခံအချို့က ယနေ့မနက်ပိုင်းတွင် ပန်းကုံးများဖြင့် ကြိုဆိုခဲ့သည်ဟု ၎င်းက ပြောသည်။

“လေယာဉ်လာတာအသံတောင်သိပ်မကြားရဘူး၊ ဦးတို့လည်း နီးတဲ့နေရာဝပ်နေရတာ၊ ပျံသွားတာနိမ့်နိမ့်လေးပဲ၊ အားလုံးမြင်နေရတယ်” ဟု ၎င်းက ပြောသည်။

ပဲဒက်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက မေလ ၅ ရက် မနက် ၆ နာရီခန့်တွင် စတင်တိုက်ခိုက်ပြီး ၄ ရက်မြောက်နေ့ဖြစ်သည့် ယနေ့ မနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ ကျော်ကို အရှင်ဖမ်းမိပြီး သေဆုံးသူ ၅ ဦးခန့်ရှိသည်ဟု ပူးပေါင်းတပ်ဖွဲ့ဝင်အချို့က ပြောသည်။

ယနေ့ညနေပိုင်းတွင် ပဲဝရွာ ပင်လယ်ဝကို နောက်ထပ် စစ်သင်္ဘော လေးစီးခန့်ထပ်ရောက်နေပြီး K8W နှင့် Mi2 ရဟတ်ယာဉ် ၃ စီးလာပြီး မဆိုင်သည့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပူပေါင်းတပ်ဖွဲ့ဝင်အချို့က ပြောသည်။

ရေတပ်စစ်သင်္ဘောဖြင့် နောက်ထပ် စစ်ကူများရောက်ရှိလာသည်ဟု သတင်းကြားရပြီး မေလ ၆ ရက်က ရောက်လာသည့် စစ်ကူတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များ ယနေ့ ညနေ ၅ နာရီခွဲခန့်တွင် နှစ်ဖက်ပစ်ခတ်မှုများရှိနေသည်ဟု ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခုညနေမှာ စစ်ကူလာတဲ့အဖွဲ့နဲ့ ကျွန်တော်တို့ တိုက်ပွဲဖြစ်တာရှိတယ်၊ စစ်ကောင်စီတပ်သား နောက်ထပ် ၂ ဦးကို အရှင်ဖမ်းမိထားတယ်” ဟု ၎င်းက ပြောသည်။

မေလ ၅ ရက်က ပဲဒက်ရွာနှင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်တိုက်ခံရသည့် ကျောက်ဆည်ရွာက ပျူစောထီးစခန်းတိုက်ပွဲတွင်လည်း ပျူစောထီး ၂ ဦးသေဆုံးပြီး ၃ ဦးလက်နက်ချအညံ့ခံထားကြောင်း၊ လက်နက် ၁၁ လက်ကို ပူးပေါင်းတပ်ဖွဲ့က ရရှိထားသည်သိရသည်။