ခြေဥကို လှောင်နေတဲ့ ရှမ်းမြောက်

0
6303

စစ်ဆင်ရေး ၁၀၂၇ ကို ဆင်နွှဲနေတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ အပစ်ရပ်သဘောတူလိုက်ကြပြီလို သိရပါတယ်။ နှစ်ဖက်အကြား တွေ့ဆုံမှုဟာ သုံးကြိမ်မြောက်ဖြစ်ပြီး တရုတ်က ကြားဝင်စေ့စပ်ပေးခဲ့တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ အဲသလို ကြားဝင်ကူညီပေးဖို့ကို စစ်ကောင်စီဟာ တရုတ်ကို ချဉ်းကပ်ခဲ့ရတယ်ဆိုတဲ့ အသံတွေကိုလည်း ကြားရပါတယ်။

အပစ်ရပ်ဖို့ နှစ်ဖက်သဘောတူညီလိုက်ကြတယ်လို့ ဆိုပေမဲ့ လက်ဝှေ့ကြိုးဝိုင်းစကားနဲ့ဆိုရင်တော့ အလဲလဲအကွဲကွဲဖြစ်နေတဲ့ စစ်ကောင်စီဟာ ဒိုင်ပွဲရပ်နဲ့ အရှုံးပေးလိုက်ရသလိုပါပဲ။ ရှမ်းမြောက်မှာ မြို့ပေါင်း ၁၇ မြို့လောက်ကို လက်လွှတ်လိုက်ရသလို တပ်ရင်း၊ တပ်မတွေလည်း ဖရိုဖရဲဖြစ်လိုဖြစ်၊ လက်နက်ချအညံ့ခံလိုခံ ဖြစ်ခဲ့ရပါတယ်။

ဒီနေရာမှာ တွေးမိတာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စပါပဲ။ အခြေခံဥပဒေကို တပ်မတော်အနေနဲ့ ကာကွယ်စောင့်ရှောက်မယ်လို့ တဖွဖွပြောနေပေမဲ့ အခုတော့ အဲဒါကို မျက်ကွယ်ပြုလိုက်ရပါပြီ။

၂၀၂၁ အာဏာသိမ်းမှုဖြစ်စဉ်ကစလို့ နောက်ဆက်တွဲပြဿနာတွေနဲ့ပတ်သက်လို့ စစ်ခေါင်းဆောင် ဒါမှမဟုတ် တပ်မတော်အနေနဲ့ ပြောလေ့ရှိတာက သူတို့ဟာ အခြေခံဥပဒေနဲ့ အညီလုပ်ဆောင်နေတယ်ဆိုတာတွေပါပဲ။ “အခြေခံဥပဒေနဲ့ အညီ” ဆိုတဲ့စကားလုံးဟာ သူတို့လက်သုံးစကားပါပဲ။

အခု အပစ်ရပ်သဘောညီချက်ကရော အခြေခံဥပဒေနဲ့ညီပါရဲ့လားလို့ မေးရင် ဘယ်လို ပြန်ဖြေမယ်ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အခြေခံဥပဒေရဲ့ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံအခန်း ပုဒ်မ ၅၆ မှာ ပြဋ္ဌာန်းထားချက်တွေက စစ်ခေါင်းဆောင်ကို လှောင်ရီပြနေပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသတွေနဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေ ဖြစ်ပါတယ်။

အဲဒီမှာ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် စတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခုနဲ့ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တိုင်းဆိုပြီး ပါရှိပါတယ်။

အဲဒီ’ဒေသတွေ’ ဒါမှမဟုတ် ‘တိုင်း’ကို အုပ်ချုပ်ဖို့ ၁၀ ဦးပါဝင်တဲ့ ဦးစီးအဖွဲ့ဆိုတာ ဖွဲ့ရပါတယ်။ ပုဒ်မ ၂၇၆ မှာ ဦးစီးအဖွဲ့ ဖွဲ့စည်းတာနဲ့ဆိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ရှိပါတယ်။

ဖွဲ့တဲ့အခါမှာ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေပါဝင်မှာဖြစ်သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေလွှတ်တဲ့ တပ်မတော်သားတွေ ပါဝင်ပါတယ်။ ဒါက အာဏာမသိမ်းခင်က အနေအထားဖြစ်ပါတယ်။ အာဏာသိမ်းလိုက်ချိန်မှာတော့ စစ်ခေါင်းဆောင်ကပဲ တစ်ဖွဲ့လုံးကို သူ့စိတ်ကြိုက် ရွေးချယ်ခန့်ထားပါတယ်။ ဒါလည်း အခြေခံဥပဒေနဲ့ အညီလို့ ဆိုပါတယ်။

မြင်သာတဲ့ ဥပမာတစ်ခုကို ပြရမယ်ဆိုရင် ကိုးကန့်ဒေသဦးစီးအဖွဲ့ပါပဲ။ အာဏာသိမ်းလိုက်ချိန်မှာတော့ ဒေသရဲ့ ဦးစီးအဖွဲ့ကို စစ်ခေါင်းဆောင်က စိတ်ကြိုက်ဖွဲ့ခဲ့ရာမှာ ဦးမြင့်ဆွေဆိုတဲ့ သူက ဥက္ကဋ္ဌဖြစ်ပါတယ်။ စစ်ဆင်ရေး ၁၀၂၇ အတောအတွင်းမှာပဲ ဦးမြင့်ဆွေကို ရာထူးကနေ ဖယ်ရှားလိုက်ပြီး ဗိုလ်မှူးချုပ်တစ်ယောက်ကို ခန့်ပြန်ပါတယ်။ မကြာသေးခင်ကပဲ အဲဒီဗိုလ်မှူးချုပ်ဟာလည်း လက်နက်ချအညံ့ခံသွားခဲ့ပါတယ်။

အခုတော့ ကိုးကန့်ဒေသဖြစ်တဲ့ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့တွေအပြင် တအန်း(ပလောင်)ဒေသတွေဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံမြို့တွေကိုလည်း စစ်ကောင်စီဟာ လက်လွှတ်လိုက်ရပါပြီ။ လွှတ်လိုက်ရတာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအဖြစ် သတ်မှတ်မထားတဲ့ ကွတ်ခိုင်၊ သိန္နီ၊ နမ့်ခမ်း၊ နမ္မတူ၊ ကွမ်းလုံ၊ မန်တုံ စတဲ့ မြို့နယ်တွေအပြင် မြို့နယ်ခွဲတွေလည်း ပါပါတယ်။ TNLA ဟာ သူ့အုပ်ချုပ်ရေးကို တည်ဆာက်နေပါပြီ။ အလားတူပဲ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားပြီး အဲဒီတိုင်းရဲ့ မြို့တော်လည်းဖြစ်၊ စစ်ကောင်စီအုပ်ချုပ်ရေးရုံးစိုက်ရာလည်းဖြစ်တဲ့ ဟိုပန်ကိုလည်း UWSA က သေနတ်မဖောက်ဘဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီလို ဆုံးရုံးလက်လွှတ်လိုက်ရတာနဲ့အတူ အဲဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒါမှမဟုတ် တိုင်းတွေအတွက် ၂၀၀၈ အခြေခံဥပဒေမှာ ပြဋ္ဌားန်ထားချက်တွေကို စစ်ကောင်စီအနေနဲ့ ဆုံးရှုံးသွားတာပါပဲ။

‘ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့သည် –

(က) ပြည်ထောင်စုအစိုးရ၏ မူဝါဒများနှင့်မဆန့်ကျင်စေဘဲ မိမိနယ်မြေဒေသအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းအစီအစဉ်များကိုရေးဆွဲလျက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရနှင့် ညှိနှိုင်းထားရှိရမည်၊

(ခ) နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်းကိုရေးဆွဲလျက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရနှင့်ညှိနှိုင်း၍ သဘောတူညီချက်ရယူရမည်’ လို့ ပုဒ်မ ၂၇၉ မှာ ပါရှိပါတယ်။

ဒါ့အပြင် တခြားပြဋ္ဌာန်းချက်တွေလည်း ရှိပါသေးတယ်။ ဥပမာ ဘယ်လို ဥပဒေတွေ ပြဋ္ဌာန်းနိုင်တယ်၊ ဖွံ့ဖြိုးရေးကိစ္စတွေအတွက် ဘယ်အလုပ်တွေကို လုပ်နိုင်တယ် စသဖြင့်ပါပဲ။

အခုတော့ အဲဒါတွေလည်း မလိုတော့ပါဘူး။ ပလောင်၊ ကိုးကန့်နဲ့ ‘ဝ’ တွေဟာ သူတို့ဒေသသူတို့ သူတို့သဘောအတိုင်း စီမံခန့်ခွဲပါလိမ့်မယ်။

တကယ်တော့ အဲဒါက ပြဿနာမဟုတ်ပါဘူး။ ဒီဆောင်းပါးမှာ ပြောချင်တာက အခြေခံဥပဒေစာအုပ်ဟာ စစ်ခေါင်းဆောင်ကို ဒါမှမဟုတ် တပ်မတော်ကို တစ္ဆေလို ခြောက်လှန့်နေမယ့် အဖြစ်ကိုပါပဲ။

၂၀၂၁ အာဏာသိမ်းခါနီး ရက်တွေထဲမှာ ‘ဥပဒေတွေကို မလိုက်နာနိုင်ရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုရင်တောင် ဖျက်ပစ်ရမယ်’ လို့ စစ်ခေါင်းဆောင်က ပြောခဲ့ဖူးတာကို သတိရမိပါတယ်။ အဲဒီပြောစကားကြောင့်လည်း ဂယက်တွေ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ပါသေးတယ်။ လူတွေအနေနဲ့လည်း မျက်စိလည်သွားစရာ ဖြစ်ကြရပါတယ်။ တစ်လျှောက်လုံး သူ ပြောနေခဲ့တာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာကြောင့်ပါပဲ။

ဒါပေမဲ့လည်း ရက်ပိုင်းအတွင်းမှာပဲ အဲဒီပြောစကားနဲ့ပတ်သက်ပြီး ရှင်းလင်းချက်ပြန်ထုတ်ခဲ့ပါတယ်။ ‘တပ်မတော်ဟာ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့အတွက် အခြေခံဥပဒေကို လေးစားလိုက်နာဖို့ လိုအပ်ကြောင်း၊ တပ်မတော်သားတွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ခြင်းမရှိဘဲ တည်ဆဲ ဥပဒေတွေကိုလည်း လေးစားလိုက်နာရမှာဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပင်မဥပဒေ ဖြစ်တဲ့အတွက် တပ်မတော်သားတွေက လေးစားလိုက်နာဖို့လိုအပ်ပြီး၊ ဥပဒေကို မလေးစား မလိုက်နာရင် အဲဒီဥပဒေကို အသုံးပြုဖို့ မလိုအပ်တော့တဲ့အတွက် ဖျက်ပစ်ရမှာ ဖြစ်တဲ့အကြောင်း အခြေခံဥပဒေရဲ့ သဘောသဘာဝကို နားလည်အောင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း’ ပါတဲ့။

တကယ်တော့ ၂၀၀၈ အခြေခံဥပဒေဟာ စစ်ကောင်စီရဲ့ ပါးစပ်ထဲမှာပဲ လေအဖြစ်နဲ့ အသက်ရှိနေတာပါ။ အာဏာသိမ်းလိုက်ကတည်းက သိသိသာသာ လစ်ဟာကွက်တွေရှိနေခဲ့တာပါ။ နိုင်ငံတော်သမ္မတကို စွပ်စွဲပြစ်တင်ချင်ရင် လုပ်နည်းအဆင့်ဆင့်ကို ပုဒ်မ ၇၁ မှာ ပြဋ္ဌာန်းထားပေမဲ့ ကြက်ကလေးငှက်ကလေးလို ဖမ်းပြီး ထောင်ချခဲ့ပါတယ်။ နောက်ပြီး အရေးပေါ်အခြေအနေကြေညာတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံဖို့ ပြဋ္ဌာန်းချက်တွေလည်း ရှိနေပါတယ်။ ဥပမာ သက်တမ်းတိုးတဲ့ကိစ္စမျိုးတွေပဲ။ အဲဒါမျိုးတွေ တစ်ခုမှ ရှိမနေပါဘူး။

အခုနောက်ဆုံး ကူမင်းတွေ့ဆုံမှုမှာ ညီနောင်မဟာမိတ်တပ်တွေအနေနဲ့ နှစ်ဖက်တပ်တွေကို လက်ရှိရောက်နေရာနေရာတွေကနေ ရှေ့ဆက်မတိုးဘဲ အပစ်ရပ်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် စစ်ဖြစ်လို့ လက်လွှတ်လိုက်ရတာ မဆန်းပေမဲ့ အဲဒီလို လက်လွှတ်ဖို့ နှစ်ဖက်သဘောတူညီလိုက်ရတာကတော့ အခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေကိုလည်း လက်လွှတ်လိုက်တဲ့အဓိပ္ပာယ်ဆောင်ပါတယ်။

တကယ်လို့ အခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေကို အလေးထားချင်တယ်ဆိုရင်တော့ ပြဋ္ဌာန်းထားချက်တွေနဲ့အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ တိုင်းတွေရဲ့ အုပ်ချုပ်ရေးတွေကို ဆောင်ရွက်ဖို့ စစ်ကောင်စီက ဦးစီးအဖွဲ့ကို ဖွဲ့ပေးရမှာပါပဲ။ အဲဒီအတွက်ဆိုရင်လည်း အဲဒီနယ်မြေတွေကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ဖို့ လိုပြန်ပါတယ်။

အခြေအနေတွေအရတော့ အဲသလို ဖြစ်ဖို့ မမျှော်လင့်နိုင်တော့ပါဘူး။ လက်ရှိသဘောတူညီမှုဟာ ယာယီအပစ်အခတ်ရပ်စဲရေးပဲဖြစ်တာကြောင့် အချိန်မရွေးတိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ခြေတော့ ရှိနေပါတယ်။ ဒါပေမဲ့လည်း လက်ကျန်မြို့တွေကို ထပ်ပြီး မဆုံးရှုံးရဖို့တင်ပဲ ရုန်းကန်ရမယ့်အနေအထားပါပဲ။

သံယံ