ဝက်ဝံနှစ်ကောင် တိုက်ခိုက်ကြသည့်အခါ

0
1613

အက်စကီးမိုးတို့၏ ပုံပြင်တစ်ပုဒ်ဟု သိရပါသည်။ ကလေးတစ်ယောက်သည် အိပ်မက်မက်၏။ အိပ်မက်ထဲ၌ ဝက်ဝံအမည်းကြီးတစ်ကောင်နှင့် ဝက်ဝံအဖြူကြီးတစ်ကောင်တို့ တိုက်ခိုက်ကြသည်တဲ့။ ဝက်ဝံအမည်းက အမုန်းကို ကိုယ်စားပြုပြီး အဖြူက မေတ္တာကို ကိုယ်စားပြုသည်ဟု ဆိုသည်။

နိုးလာ‌သည့်အခါ အဘိုးဖြစ်သူကို အိပ်မက်အကြောင်း ကလေးက ပြောပြ၏။ ပြီးလျှင် မေးခွန်းတစ်ခု မေးသည်။ အမုန်းနှင့် မေတ္တာ မည်သည့်ဘက်က အနိုင်ရပါမည်နည်းဟူ၍။

ထိုကလေးကဲ့သို့ပင် ကျနော်တို့ကိုယ်တိုင်တွင်လည်း မေးခွန်းများ မကြာခဏ ပေါ်ပေါက်နေတတ်ကြရပါသည်။ လောကနှင့်သက်ဆိုင်သော မေးခွန်းများမှာ သင်္ချာပုစ္ဆာတို့ကဲ့သို ယတိပြတ်အဖြေများ ရရှိရန်လည်း မလွယ်လှပါ။

မြန်မာနိုင်ငံ၏ ပဋိပက္ခကို သတ္တုချ၍ ဘက်နှစ်ဖက်တည်းအဖြစ် အကြမ်းဖျင်းခွဲခြားကြည့်သည့်အခါ အာဏာရှင်နှင့် အာဏာရှင်တော်လှန်ရေးဟူသည့် ဘက်နှစ်ဖက်ကို တွေ့ရပါသည်။ နောက်တစ်မျိုး တွေးကြည့်လျှင်လည်း လွတ်လပ်လိုမှုနှင့် ဖိနှိပ်ချုပ်ကိုင်လိုမှု၊ ကြီးစိုးအနိုင်ကျင့်လိုမှုနှင့် တန်းတူညီမျှရလိုမှု စသဖြင့် ဆန့်ကျင်ဘက် သဘောနှစ်ခုကို တွေ့ရပါလိမ့်မည်။ တစ်နည်းအားဖြင့် ဝက်ဝံအမည်းနှင့် အဖြူတို့ တိုက်ခိုက်နေခြင်း။ 

ပုံပြင်တို့သည် ကလေးတို့၏ နှလုံးသားကို ပုံသွင်းပေးနိုင်သော အစွမ်းကြီးကြီးမားမား ရှိကြသည်ကို ကျနော်တို့ သိထားပြီး ဖြစ်ကြပါသည်။

လူတိုင်း၏ ကလေးဘဝများတွင် လူကြီးသူမတို့ ပြောပြသော ပုံပြင်ပေါင်းများစွာက ဖြတ်သန်းသွားခဲ့ကြဖူးပါလိမ့်မည်။ ‘ရွှေယုန်နှင့် ရွှေကျား’၊ ‘မြွေမင်းသားနှင့် မထွေးလေး’ စသည်ဖြင့် အကြောင်းအရာပေါင်းများစွာ၊ ခေါင်းစဉ်ပေါင်း များစွာ။ ပုံပြင်တို့က ပေးချင်သည့် အသိ၊ ပြောချင်သည့် စကားတို့ကလည်း အစုံအလင်။ သို့သော် များစွာသော ပုံပြင်များကို ကြီးပြင်းလာချိန်တွင် ကျနော်တို့ မေ့လျော့သွားခဲ့ကြပါသည်။ ပုံပြင်တို့သည် ကလေးတို့နှင့်သာ သက်ဆိုင်သည်ဟူ၍လည်း သဘောပိုက်နေမိတတ်ကြပါသည်။

တကယ်တော့ ပုံပြင်တို့သည် ကလေးတို့အတွက် သက်သက်မျှ မဟုတ်၊ ကလေးဘဝအရွယ်အတွက်သာ မဟုတ်။ အချို့ပုံပြင်တို့သည် လူ့တစ်ဘဝစာအတွက် အသုံးဝင်နေပါသည်။ အတွေးအခေါ်တွေ ပေးသည်။ ခွန်အား ဖြစ်စေသည်။ အမြင်တို့ ရှင်းသန့်ကြည်လင်သွားစေသည်။ ဘဝလမ်းတွင် ခလုတ်ကန်သင်းတို့ကို မည်သို့ ရှင်းလင်းကျော်လွှားနိုင်သည်ကို သွန်သင်ပြသည်။

ဓမ္မနှင့် အဓမ္မ တိုက်ပွဲဟူသည့် အသုံးအနှုန်းများ၊ စကားသံများကို သည်နှစ်ပိုင်းတွင် အကြိမ်ရာထောင်ချီမက ကြားဖူးကြပါလိမ့်မည်။ ဓမ္မနှင့် အဓမ္မကို မြန်မာလိုအတိုဆုံးနာလည်မိသည်မှာ တရားခြင်းနှင့် မတရားခြင်း ဖြစ်ပါသည်။ ယင်းသည်လည်း ဝက်ဝံနှစ်ကောင်တို့၏ ဇာတ်လမ်းနှင့် မခြားနားပါပေ။

ထိုသို့ ဘက်နှစ်ဖက်၊ အုပ်စုနှစ်ခု ရင်ဆိုင်ယှဉ်ပြိုင်ကြသည့်အခါ မည်သည့်ဘက်က နိုင်မည်နည်း။ ကျနော့်မှာလည်း ကလေးလေးကဲ့သို့ မေးခွန်းများ ဖြစ်မိပါသည်။

ကမ္ဘာကြီးတွင် အနည်းဆုံးအားဖြင့် အုပ်စုနှစ်ခု ကွဲနေကြသည်မှာလည်း အမြဲလိုလိုပင် ရှိနေပါသည်။ ဒါသည်ပင် လောကသဘာဝလည်း ဖြစ်ပါလိမ့်မည်။ လောကတွင် မည်သည့်ကိစ္စ၊ မည်သည့်အရာမှ တစ်ဖက်တည်း၊ တစ်ခုတည်း မရှိ။ ဆန့်ကျင်ဘက်တို့နှင့် ဒွန်တွဲနေရသည်။ ကမ္ဘာ့ပုံပြင်များစွာတွင် နတ်ဆိုးနှင့် နတ်ကောင်းတို့အကြောင်းများ ရှိကြပါသည်။ ဖျက်ဆီးခြင်းနှင့် တည်ဆောက်ခြင်း သင်္ကေတကို ဆောင်သော ဝတ္ထု၊ ဇာတ်လမ်းများလည်း ဒုနှင့် ဒေး ရှိကြပါသည်။ ဒင်္ဂါးပြားတွင် ခေါင်းနှင့် ပန်း အမြဲတွဲပါနေသလိုမျိုး။

သေချာသည်ကတော့ ကမ္ဘာ့လူသားတို့၏ သမိုင်းတွင် အကောင်းတွေချည်း အမြဲရှိမနေနိုင်ခဲ့ပါ။ အချစ်တွေချည်းလည်း ပြည့်မနေခဲ့ပါ။ ပျက်စီးသွားလိုက်၊ ပြန်တည်ဆောက်လိုက်၊ ပြန်ဖျက်ဆီးခံရလိုက်၊ တည်ဆောက်ဖို့ ပြန်ကြိုးစားလိုက်နှင့်သာ လည်ပတ်နေခဲ့ကြရပါသည်။ တပြိုင်နက်တည်းမှာပင် ဖျက်ဆီးရန် ကြိုးစားသူနှင့် ဖျက်ဆီးမခံရရန် ကာကွယ်လိုသူတို့အကြား အမြဲတစေ အားပြိုင်နေခဲ့ကြရပါသည်။

လက်ရှိကမ္ဘာတွင်လည်း လက်နက်ကိုင် ဘက်ပြိုင်မှုများက မမြင်ချင်အဆုံး မြင်နေရပြန်ပါသည်။ စစ်ပွဲများ မည်မျှအထိ ကူးစက်ကျယ်ပြန့်လာဦးမည်၊ သို့မဟုတ် မည်သို့ အဆုံးသတ်သွားမည်ကို ခန့်မှန်းရန် မဖြစ်နိုင်ပါ။ မြန်မာနိုင်ငံတွင်လည်း ထိုနည်းလည်းကောင်း။

အထက်ပါပုံပြင်ကို ဖန်တီးလိုက်သူက ထိုသို့သော သဘောလက္ခဏာကို ပုံပြင်အဖြစ် တင်စားလိုက်ခြင်းပေလော။ လောကနှင့်ပတ်သက်၍ သူ၏ မကျေလည်မှု၊ အဖြေရှာမရမှုကို ကလေးတစ်ယောက်ကို ဇာတ်ကောင်ထားကာ ပုံပြင်အဖြစ် ပုစ္ဆာတင်လိုက်ခြင်း ဖြစ်ပါလိမ့်မည်။ ပုံပြင်ထဲတွင် အဘိုးတစ်ယောက်ကိုလည်း ထည့်ထားပေးသည်။ အဘိုးတို့ဟူသည်က ယေယုယျအားဖြင့် ပညာရှိမှုကို ကိုယ်စားပြုသည်။ သို့မဟုတ် အတွေ့အကြုံကြွယ်ဝမှုကို ထင်ဟပ်စေသည်။

ဝက်ဝံအမည်းနှင့် အဖြူတို့၏ တိုက်ပွဲတွင် မည်သူက အနိုင်ရမည်နည်းဟူသည့် ကလေး၏ မေးခွန်းကို ပုံပြင်ထဲက အဘိုးက ပြန်လည်အဖြေပေးထားပါသည်။

“မင်း အားဖြည့်ပေးတဲ့ဘက်က နိုင်မှာပေါ့” ဟူ၍။

ထိုပုံပြင်ကလေးကို တစ်ဆင့်ပြန်လည်ဖော်ပြသော စာရေးဆရာက အောက်ပါအတိုင်း မှတ်ချက်ပြုထားပါသည်။

‘လူအဖွဲ့အစည်းတွင်လည်း အမုန်းပွားစေမည့် လောင်စာများကို စဉ်ဆက်မပြတ် ထည့်သွင်းနေပါက အမုန်းမီးတောက်များက အနိုင်ရသွားမည်ဖြစ်သည်။ မေတ္တာတရားကို ပုံမှန်ဖြည့်ဆည်းပေးပါကလည်း ငြိမ်းချမ်းမှု မေတ္တာက အနိုင်ရသွားမည်ဖြစ်သည်’ဟူ၍။

ယခုဆိုလျှင် ကျနော်တို့ နိုင်ငံ၏ ဇာတ်လမ်းသည် အထွတ်အထိပ်သို့ ချဉ်းကပ်နေပြီဟု ထင်ပါသည်။ အကြမ်းဖက်မှုနှင့် ရက်စက်မှုများက သမိုင်းတွင် ဘယ်အခါကမျှ မရှိခဲ့ဖူးသော အခြေအနေသို့ ဆိုက်၍ နေပါသည်။ အမှောင်တိုက်များက ကြီးစိုးနေခြင်း၊ အမုန်းမီးများ တဟုန်းဟုန်းတောက်လောင်နေခြင်း။

ယင်းဖြစ်ရပ်များက ပဋိပက္ခက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတွင်မှ သိသိသာသာဖြင့် ပြင်းပြင်းထန်ထန် ဖြစ်လာခဲ့သည်ဆိုသော်လည်း တကယ်တမ်းတွင်မူ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက မြန်မာ့မြေတွင် ရှိနေခဲ့ခြင်း ဖြစ်ပါသည်။ လူများစွာက သတိမပြုမိခဲ့ကြ။

ပုံပြင်ကလေးကတော့ ဓမ္မ၊ အဓမ္မဟု မပြော။ အမုန်းနှင့် မေတ္တာဟု သုံးသည်။ တစ်နည်းအားဖြင့် အပူနှင့် အအေး၊ အမှောင်နှင့် အလင်း၊ မီးနှင့် ရေ။ မြန်မာဆိုရိုးစကားတစ်ခုကိုပင် သွား၍သတိရမိပါသေးသည်။ မြန်မာတို့သည်လည်း ထိုသဘောကို နောကျေထားပြီး ဖြစ်ပါလိမ့်မယ်။ ‘ရေများ ရေနိုင်၊ မီးများ မီးနိုင်’။

“မင်း အားဖြည့်ပေးတဲ့ဘက်က နိုင်မှာပေါ့” ဟူသည့် စကားက ကျနော့်အာရုံတွင် အတွင်တွင်အခါအခါ ဝဲပျံလို့ နေပါတော့သည်။

ငြိမ့်လွင့်

ရည်ညွှန်း။ ။ လူတိုင်းအတွက် ငြိမ်းချမ်းရေးအသိအမြင်/ဒေါက်တာ မြင့်ဇော်