သင်္ကြန် အောင့်လုံး

0
297

ယခုနှစ်မှာ အောင့်လုံးကွဲသည့် သင်္ကြန်ဟု ကင်ပွန်းတပ်ရမည်ထင်သည်။

ကိုဗစ်နှင့် အာဏာသိမ်းမှုမတိုင်ခင်က သင်္ကြန်နှင့် နှိုင်းယှဉ်ရလောက်သည်အထိ စည်ကားမှု မရှိသည်မှာ မှန်သော်လည်း လေးနှစ်ထဲတွင်မူ စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့ကြီးများအပါအဝင် ထားဝယ်ခရိုင်ရှိ ကျေးရွာအချို့တွင်ပါ အဖွဲ့လိုက် ရေပက်ကြသူများ၊ သင်္ကြန်လည်ထွက်သူများ ရှိလာခဲ့သည်။

ယခုနှစ်သင်္ကြန်မှာ လက်နက်ကိုင်အဖွဲ့တို့ ဘောင်ကျဉ်းပြီး ပြည်သူ့ဘောင်ကျယ်သည့် နှစ်ဟု ကောက်ချက်ချရပေမည်။

ထိုသို့ ကောက်ချက်ချရသည်မှာ အကြောင်းအရင်းရှိသည်။

ပထမဦးဆုံး စစ်ကောင်စီ၏ သင်္ကြန်အစီအစဉ်ကို လေ့လာကြည့်ရာ ထားဝယ်မြို့ပေါ်တွင် သင်္ကြန်မဏ္ဍပ်သုံးခုသာ ဆောက်လုပ်ထားသည်ကို တွေ့ရသည်။

နှစ်တိုင်းကဲ့သို့ သရက်ချောင်း၊ ရေဖြူ၊ လောင်းလုံးမြို့တို့တွင် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်နိုင်ခြင်းမရှိတော့ပေ။

ထားဝယ်မြို့ထဲရှိ သင်္ကြန်မဏ္ဍပ်တို့တွင်လည်း ဒရုန်ကာကွယ်ရေးစနစ်များ တပ်ဆင်ထားပြီး ဒရုန်းပစ်လက်နက်များ ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရကြောင်း မြို့ခံတို့က ဆိုသည်။

ထိုအခင်းအကျင်းကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီ၏ သင်္ကြန်ပွဲတော်မှာ ဘောင်ကျဉ်းလာသည်ဟုဆိုရမည် ဖြစ်သည်။

ဆက်လက်ပြီး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တို့ ထိန်းချုပ်ထားသည့် ဒေသများကို လေ့လာကြည့်ရာတွင်လည်း အလားတူပင် တွေ့ရသည်။

ပုံမှန်အားဖြင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် နယ်ကျေးရွာတို့တွင် သင်္ကြန်ကာလ အုပ်စုလိုက်ရေပက်ခြင်း၊ ရေပက်ခံထွက်ခြင်းတို့ မရှိပေ။

သင်္ကြန်ရေပက်သူသည် စစ်ကောင်စီ အားပေးသူအဖြစ် သတ်မှတ်ယိုးစွပ်ခံရမည်ကို စိုးရိမ်ကြသဖြင့် ‌သင်္ကြန်ရေပက်ချင်စိတ်ရှိသည့်တိုင် အိမ်တွင်းပုန်းနေကြရသည်။

၂၀၂၁ မှ ၂၀၂၃ အထိ သုံးနှစ်တာ သင်္ကြန်ကာလကို ထိုကဲ့သို့ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်ကို အားလုံး သိကြပြီးဖြစ်ပါလိမ့်မည်။

ဒီနှစ်သင်္ကြန် အကြိုနေ့တွင်လည်း နယ်ကျေးရွာတို့တွက် ရေပက်သူများ မရှိ‌သလောက်ပင်ဖြစ်သည်။

သို့သော် အကျနေ့မှစပြီး အုပ်စုလိုက်ရေပက်ကစားသူများ သိသိသာသာများများပြားလာပြီး ရေပက်ခံကားများဖြင့် သင်္ကြန်လည်သူများပင် တွေ့လာရသည်။

လောင်းလုံးမြို့နယ်တွင်မူ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က မြို့ပေါ်ရှိ စစ်ကောင်စီတပ် တပ်စွဲထားသည့်နေရာအား သွားရောက်ပစ်ခတ်တိုက်ခိုက်ပြီး စစ်ရေးဖော်ဆောင်ခဲ့သဖြင့် လက်နက်ကြီး၊ လက်နက်ငယ်ပစ်သံများ ထွက်ပေါ်ခဲ့သော်လည်း သင်္ကြန်ရေပက်သည်မှာမူ ရပ်တန့်သွားခြင်းမရှိပေ။

ကျေးရွာတစ်ရွာတွင်မူ ရွာခံများ ဆောင်းဘောက်ဖွင့်ကာ ရေပက်နေကြသည်ကို ပြည်သူ့ကာကွယ်ရေး အဖွဲ့တစ်ခုက လာရောက်တားမြစ်သော်လည်း နေရာရွှေ့ပြီး ရေကစားမြဲ ကစားနေဆဲဖြစ်ကြောင်း ကြားသိရသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်အချို့က ၎င်းတို့၏ ကိုယ်ပိုင် ဆိုရှယ်မီဒီယာအကောင့်တို့မှတစ်ဆင့် ရေမစိုသင်္ကြန်ဆင်နွဲကြရန် ပြောဆိုမှုများမှာ လေးနှစ်ကြာ အောင့်ထားရသည့် ပြည်သူတို့၏ သင်္ကြန်ပိုးကို တားနိုင်စွမ်းမရှိသည်ကို တွေ့ရသည်။

သင်္ကြန်တွင် ရေပက်ကစားခြင်း၊ ရေပက်ခံထွက်ခြင်းမှာ စစ်ကောင်စီအား အားပေးခြင်း၊ ထောက်ခံခြင်းနှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း ပြည်သူများကိုယ်တိုင် ခံယူထားကြသည်လည်းဖြစ်နိုင်ရာသည်။

၂၀၂၁ ၊ ၂၀၂၂ သင်္ကြန်ကို ပြည်သူအများစုက တော်လှန်ရေး အသိစိတ်အရသော်လည်းကောင်း၊ စစ်အာဏာရှင်အား လက်မခံ ဆန့်ကျင်ကြောင်းပြသလို၍ သော်လည်းကောင်း စစ်ကောင်စီအား တော်လှန်သည့် နည်းနာတစ်ခုအဖြစ် သတ်မှတ်ကောင်း သတ်မှတ်ထားနိုင်ပါသည်။

တော်လှန်ရေးနည်းနာမှာ အချိန်နှင့်အမျှအပြောင်းအလဲရှိပါသည်။

အာဏာသိမ်းကာစ ထောင်သောင်းချီလမ်းပေါ်ထွက် ဆန္ဒပြသပိတ်မှောက်ခြင်း တော်လှန်နည်းနာမှာ ယခုအချိန်တွင် မဖြစ်နိုင်တော့ပေ။ သင်္ကြန်သည်လည်း ထို့တူပင်ဟု ဆိုရမည်ဖြစ်သည်။

မည်သည့်နေရာတွင် တက်နှင့်လှော်ပြီး မည်သည့်နေရာတွက် လက်ဖြင့်လှော်မည် စသည့် ဆုံးဖြတ်ချက်များကို ပြည်သူများကသာ ချမှတ်ခွင့်ရှိသည်။

ယခုနှစ်သင်္ကြန်တွင် ပြည်သူများ ရေပက်ကစားခြင်းမှာလည်း ပြည်သူများကိုယ်တိုင် ရွေးချယ်လိုက်သည့်အရာဟု မြင်သည်။

ထိုကြောင့် ဒီနှစ်သင်္ကြန်ကို ပြည်သူ့ဘောင်ကျယ်လာသည့် သင်္ကြန်ဟု သုံးနှုန်းရခြင်းဖြစ်သည်။

တော်လှန်ရေးသမားများသည်လည်း ပြည်သူများ ဆုံးဖြတ်သည့် ပြည်သူ့ ဆန္ဒအတိုင်းလျှောက်ရန်သာဖြစ်သည်။

ပြည်သူများကို သည်ဟာမလုပ်ရ၊ ဟိုဟာမလုပ်ရ ဟု ကန့်သတ်နေကြသည့် တော်လှန်ရေးသမားများမှာ စင်စစ်အားဖြင့် အာဏာရှင်လက်သစ်များလောဟု ပြည်သူတို့၏ မေးခွန်းထုတ်ခြင်းကို ခံရပေလိမ့်မည်။

သင်္ကြန်တွင် ရေပက်ကာပျော်နေကြသည့် ပြည်သူများကို ဆိုရှယ်မီဒီယာမှတစ်ဆင့် အပြစ်တင်စကားဆိုနေကြသည့် တော်လှန်ရေးသမားအချို့သည်လည်း အာဏာရှင်လက်သစ်များပင်ဖြစ်ကြောင်း ဝေဖန်ခံရသည်။

ကုန်ဆုံးခဲ့ပြီးသော လေးနှစ်တာ နှစ်သစ်ကူး သင်္ကြန်အချိန်များကို လည်ပြန်ကြည့်သောအခါ အဖက်ဖက်က မွန်းကြပ်မှုများဖြင့် ဖြတ်သန်းခဲ့ကြရပြီးဖြစ်သည်။

ထိုလေးနှစ်တာ နှစ်သစ်ကူးသင်္ကြန်တို့တွင် မတူညီသော အမည်နာမတို့ရှိကြသည်။

၂၀၂၀ ကို ကိုဗစ်သင်္ကြန်ဟု သမုတ်ကြသည်။ ၂၀၂၁ ကိုမူ အာဏာသိမ်းသင်္ကြန်ဟု ကင်ပွန်းတပ်ကြသည်။

စစ်ကောင်စီက ပြန်လည်အသက်သွင်းရန် ကြိုးစားလာသည့် ၂၀၂၂ သင်္ကြန်ကိုမူ တော်လှန်သင်္ကြန်ဟု အမည်ပေးပြီး သပိတ်မှောက်ကြသည်။

၂၀၂၃ ကား အိမ်ပြန်ရမည့်နှစ်ဟု မျှော်လင့်ခဲ့ကြသဖြင့် မျှော်လင့်ချက်သင်္ကြန်ဟု ဆိုချင်သည်။

ယခု ၂၀၂၄ သင်္ကြန်ကိုကား လက်နက်ကိုင်ဘောင်ကျဉ်းပြီး ပြည်သူ့ဘောင်ကျယ်သောသင်္ကြန် သို့မဟုတ် အောင့်လုံးကွဲသည့် သင်္ကြန်ဟု အမည်ပေးလိုက်ချင်သည်။

နောန်ပြည့်ဝ