❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၁၃) ❞

0
1429

ကိုယ်တို့မျက်စိရှေ့မှာပဲ ကိုယ်တို့ကိုင်တွယ်အသုံးပြုခဲ့တဲ့ ငွေစက္ကူတွေကို ၁၉၈၅ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၈၇ ခုနှစ်မှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင်တိုင် ရပ်စဲခံလိုက်ရပါတယ်။ ငွေစက္ကူ တချို့ဆိုရင် ထုတ်ဝေထားတာ သိပ်မကြာသေးပါ။ မှတ်မိသမျှ ၇၅ိ/- တန်ကို ထုတ်ဝေထားတာ နှစ်နှစ်ကျော်ကျော်နဲ့ ၃၅ိ/- တန်က တစ်နှစ်ကျော်ကျော်လောက်ပဲ ရှိပါသေးတယ်။

ဒီကာလတွေမှာ ပြည်သူလူထုရဲ့ မကျေမနပ်ဖြစ်စရာ ပေါက်ကွဲချင်စရာ အဖြစ်အပျက်တွေ ဆက်တိုက်ဆိုသလို ပေါ်‌ပေါက်လာခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒုတိယအကြိမ် ငွေစက္ကူတွေ ရပ်စဲခံရပြီး သိပ်မကြာခင် ၁၉၈၇ ခုနှစ် အောက်တိုဘာလမှာ ကမ္ဘ့ာကုလသမဂ္ဂကနေ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုနောက်ကျဆုံးစာရင်းမှာ ထည့်သွင်းလိုက်ပြန်ပါတယ်။

တနည်းပြောရရင် ဒါဟာ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုတစ်ရပ်လုံးကို လူမွဲတွေအဖြစ် ကမ္ဘာသိအောင် ကြေညာခံလိုက်ရတာ ဖြစ်ပါတယ်။ ဒါတွေကို လက်မခံနိုင်တဲ့ တက္ကသိုလ်အချို့က ကျောင်းသားတွေဟာ ဆန္ဒပြပွဲတွေ စတင်ဆင်နွှဲလာကြပါတယ်။ အစိုးရကတော့ ပြောနေကြအတိုင်း နိုင်ငံအပေါ်စေတနာမရှိသူတွေ မလိုမုန်းထားစိတ်နဲ့ ဖျက်ဆီးလိုသူတွေက နိုင်ငံရေးအရ သွေးထိုး လှုံ့ဆော်တာ ဘာညာဆိုပြီး ပြောခဲ့ပါတယ်။

ခေတ်အဆက်ဆက် အစိုးရတွေဟာ တိုင်းပြည်မငြိမ်မသက်ဖြစ်လာပြီ အ‌ရေးကိစ္စတစ်စုံတစ်ခုနဲ့ ကြုံလာရပြီဆိုပါက ဒီစကားမျိုးကို ရေလဲသုံးကာ ပြည်သူတွေကို ပြောတတ်ကြပါတယ်။ ဟုတ်မဟုတ် တော့ ကိုယ်တို့လည်း မသိပါ။ သေချာတာကတော့ ပြည်သူလူထုအနေနဲ့ အစိုးရအပေါ်မှာ ယုံကြည်မှု တွေကျဆင်းပြီး မကျေမနပ်ဖြစ်ခဲ့ကြတာတော့ အမှန်ပါပဲ။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကိုယ်တို့နယ်ကျောင်းတွေ အထူးသဖြင့် အခြေခံပညာကျောင်းတွေကို ကြီးကြီးမားမား ရိုက်ခတ်မှုတွေတော့ မရှိသေးပါဘူး။ သို့သော်လည်း ကျောင်းသားတွေအနေနဲ့ ကျောင်းစာထက် ရေဒီယိုသတင်းတွေနဲ့ လူကြီးပြောတဲ့ နိုင်ငံရေးစကားဝိုင်းတွေကို နားထောင်ဖို့ ပိုပြီးစိတ်ဝင်စား လာကြပါတယ်။ ကိုယ်တို့အချင်းချင်းလည်း ဒီကြောင်းတွေကို ကိုယ်သိသလောက် သူ့အမြင်ကိုယ့်အမြင်တွေ ပြောဖြစ်နေကြတဲ့ ကာလတစ်ခုဆိုရင်လည်း မမှားနိုင်ဘူးပေါ့။ အဲဒီနှစ်က အတန်းတင်စာမေးပွဲကိုတော့ မတည်မငြိမ်တဲ့ နိုင်ငံရေးအခြေအနေတွေကြားမှာပဲ ချောမောစွာ ဖြေဆိုခဲ့ကြရပါတယ်။

၁၉၈၈ ခုနှစ် မတ်လအတွင်းမှာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတွေနဲ့ အရပ်သား လူငယ်တို့ရဲ့ရန်ပွဲက အစပြုခဲ့တဲ့ အရေးအခင်းကို အစိုးရက အင်အားသုံးဖြိုခွင်းခဲ့ပါတယ်။

အဲဒီလို ဖြိုခွင်းမှုကြောင့် စက်မှုတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့နှစ်ဦး ကျဆုံးခဲ့တယ်ဆိုတဲ့ သတင်းဟာ တစ်နိုင်ငံလုံးကို ပျံ့နှံ့လာခဲ့ပါတယ်။ သေနတ်ဒဏ်ရာကြောင့် ကျဆုံးရတဲ့ ကျောင်းသားတွေကို ချွန်ထက်တဲ့ဒဏ်ရာကြောင့် သေဆုံးရတယ်လို့ အစိုးရက ထုတ်ပြန်ကြေညာ လိုက်တာကြောင့် ကျောင်းသားတွေသာမက ပြည်သူလူထုပါ ဒေါသတွေ ထပ်မံဖြစ်ခဲ့ကြရပါတယ်။

ဒါကိုအကြောင်းပြုပြီး မြို့ကြီးတစ်ချို့မှာ ဆန္ဒပြပွဲတွေ ထပ်မံပေါ်ပေါက်လာပါတယ်။

အကြမ်းဖက်ဖြိုခွင်းမှုတွေလည်း ရှိလာခဲ့ပြန်ပါတယ်။ အရေးအခင်းကြီးကို ဦးဆောင်ကြမယ့် တက္ကသိုလ်ကျောင်းသားခေါင်းဆောင်တွေရဲ့ အမည်စာရင်းတွေလည်း ထွက်ပေါ်လာပါတယ်။ တဆက်တစပ်တည်းဆိုသလို မြို့ကြီးတွေမှာ ညမထွက်ရ အမိန့်တွေ ပြဋ္ဌာန်းလာပါတယ်။

ထုံးစံအတိုင်း ဇွန်လဆန်းပိုင်းမှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်လာပေမဲ့ ကိုယ်တို့ကျောင်း မှာ ကျောင်းပြန်တက်သူဦးရေဟာ သိသိသာသာ နည်းသွားတယ်လို့ ပြောနိုင်ပါတယ်။ ကျောင်းပျော်တွေဖြစ်တဲ့ ကိုယ့်တို့နဲ့ ရွာခံကျောင်းသားတွေပဲ ရှိကြပါတယ်။ ဆရာဆရာမတွေလည်း ကျောင်းစာတွေကို သိပ်မသင် ဖြစ်ကြတော့ပါ။ ဘယ်အချိန်မှာ ဘာဖြစ်လာမလဲဆိုတာကို စောင့်ကြည့်နေကြတဲ့ သဘောမျိုး ဖြစ်နေခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၃ မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)က အရေးပေါ်ညီလာခံ ခေါ်ပါတယ်။ ဦးနေဝင်းက သူနဲ့အတူ “ပါတီတာဝန်ရှိသူတချို့ နှုတ်ထွက်ကြမယ်။ တိုင်းပြည်ကို တစ်ပါတီစနစ်နဲ့သွားမလား ပါတီစုံစနစ်နဲ့ သွားမလားဆိုတာကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ပြီး ဆုံးဖြတ်မယ်။ နောက်ထပ် ဆူပူအောင် လုပ်သူတွေကို စစ်တပ်သုံးပြီး မှန်အောင်ပစ်မယ် မိုးပေါ်ထောင်ပြီး ခြောက်တာတွေ မပါဘူး” လို့ တီဗီကနေပြီး ဒေါသတကြီးနဲ့ ကြိမ်းမောင်းခဲ့ပါတယ်။

ဇူလိုင် ၂၇ ရက်နေ့မှာတော့ မဆလပါတီက နှုတ်ထွက်မယ့်စာရင်းမှာပါဝင်တဲ့ ဦးစိန်လွင် သမ္မတ ဖြစ်လာပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂက သြဂုတ်လ ၈ ရက်နေ့မှာ တစ်နိုင်ငံလုံး အထွေထွေသပိတ်ကြီး ဆင်နွှဲကြဖို့ ဆော်သြလိုက်ပါတယ်။ သြဂုတ်လဆန်းပိုင်းမှာတော့ နိုင်ငံအနှံ့က မြို့ကြီးတွေမှာ သပိတ်မှောက်ဆန္ဒပြပွဲတွေ စတင်ပျံ့နှံ့လာခဲ့ပါတယ်။ မြို့ကြီးတွေမှတဆင့် ကိုယ်တို့နယ်မြို့တွေက အခြေခံပညာကျောင်းတွေအထိ ရိုက်ခတ်လာပါတော့တယ်။

ကိုယ်တို့ကျောင်းဟာ နယ်ကျောင်းဆိုပေမဲ့ မြို့နဲ့ လှမ်းမဝေးလေတော့ ဆန္ဒပြပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ လက်ကမ်းစာစောင်တွေက နည်းလမ်းပေါင်းစုံနဲ့ အချိန်ပြည့်နီးပါး ရရှိနေ ခဲ့ပါတယ်။ ဒါပေမဲ့လည်း အတွေ့အကြုံမရှိသူများပီပီ ကျောင်းအနေနဲ့ စုစည်းဦးဆောင်သူ တိတိကျကျ မရှိပါ။ စိတ်ဝင်စားတဲ့ ကျောင်းသားတစ်ချို့ကသာ ကိုယ့်အစီအစဉ်နဲ့ကိုယ် မြို့ပေါ်ကိုသွားကြပြီး ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်ကြပါတယ်။

ဆန္ဒပြပွဲတွေဟာ ကျေးရွာပြည်သူလူထုအထိ ကူးစက်သွားပြီး တစ်နေ့ထက်တစ်နေ့ ပိုမိုကြီးမား လာခဲ့ပါတယ်။ တစ်နေ့မှာတော့ ရွာခံတွေဖြစ်ကြတဲ့ တက်ကြွသူ လူလတ်ပိုင်းတချို့နဲ့ ပတ်ဝန်းကျင်ရွာ တွေမှ တက္ကသိုလ်ကျောင်းသူကျောင်းသားတချို့ ကိုယ်တို့ကျောင်းကို ရောက်လာကြပါတယ်။ ရှစ်လေးလုံးနေ့မှာ ပြုလုပ်မဲ့ အထွေထွေသပိတ်ကြီးအတွက် ကျောင်းအနေနဲ့ စုစည်းပြီး စနစ်တကျ ပြုလုပ်သင့်ကြောင်း လာပြောကြပါတယ်။

နောက်တစ်ရက်မှာ ကိုယ်ပါဝင်တဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ကျောင်းသပိတ်ကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။ အဖွဲ့ဝင်ဦးရေကိုတော့(၁၁) ဦးလား (၉)ဦးလား အတိအကျ မမှတ်မိတော့ပါ။

ကျောင်းမှာပဲ သပိတ်စခန်း ဖွင့်လိုက်ကြပါတယ်။ မှတ်မိသမျှတော့ ကော်မတီခေါင်းဆောင် ဖြစ်သူဟာ ဗလတောင့်တောင့် အသားညိုညို နှုတ်ခမ်းမွေးပါတဲ့ ဒီနှစ်မှကျောင်းကိုပြောင်းလာတဲ့ ကျောင်းသား အသစ် ဖြစ်ပါတယ်။ ကိုယ်လည်း ရွာမှာရှိတဲ့အိမ်ကို မပြန်တော့ဘဲ ကျောင်းနဲ့ သူငယ်ချင်းအိမ်တွေမှာ အဆင်ပြေသလို တစ်လှည့်စီ နေခဲ့လိုက်ပါတော့တယ်။

မနက်ဖြန်ထွက်မယ့် သပိတ်စစ်ကြောင်းအတွက် အချိန် လမ်းကြောင်းနဲ့ ကြွေးကြော်သံတွေကို မြို့ပေါ်မှာလုပ်တဲ့ သပိတ်ကော်မတီပေါင်းစုံ ညှိနှိုင်းအစည်းအဝေးက ဆုံးဖြတ်ပါတယ်။ အဲဒီအစည်းအဝေးကို ကော်မတီက တာဝန်ပေးသူတွေ သွားတက်ရပါတယ်။ ရလာတဲ့အချက်အလက်တွေကို အခြေခံကာ ကော်မတီအစည်းအဝေးလုပ်ပြီး တာဝန်ခွဲဝေကြရ ပါတယ်။ ကော်မတီဝင်တွေက တာဝန်ကျတဲ့ နယ်မြေအလိုက် ရွာတွေမှာရှိတဲ့ ကျောင်းသူ ကျောင်းသားတွေကို အိမ်တိုင်ရွာရောက် လိုက်လံစည်းရုံး ခေါ်ယူကြရပါတယ်။

သပိတ်စစ်ကြောင်းထွက်မယ့်အချိန်မှာ ကိုယ်တို့ရဲ့ ကျောင်းသပိတ်ကော်မတီဝင်တွေက စုရပ်မှာ ကြိုတင်ပြီး နေရာယူထားကြပါတယ်။ စထွက်မယ့် စုရပ်ဟာ အခုချိန်မှာ ထားဝယ်တက္ကသိုလ် အဝင်ဝမုခ်ဦး ရှိတဲ့နေရာ ဖြစ်ပါတယ်။ ကျောင်းသပိတ်ကော်မတီဝင်တွေရဲ့ လက်မောင်းတွေမှာတော့ အနီရောင်အဝတ်စကို လက်ပတ်အနီတွေအဖြစ် ချည်ထားကြပါတယ်။ ဖြဲထားတဲ့ ကျောင်းစိမ်းလုံချည်‌ ပေါ်မှာ သပိတ်စစ်ကြောင်းအမည်ကို စက္ကူစာလုံးတွေ ပုံဖော်ရေးပြီး ကော်နဲ့ကပ်ထားတဲ့ ဆိုင်းဘုတ် တစ်ခုလည်း ရှိပါတယ်။ အဲဒီဆိုင်းဘုတ်ရဲ့တစ်ဘက်တစ်ချက်စီကို ဝါးလုံးနှစ်လုံးနဲ့ချည်ပြီး အဖွဲ့ဝင် နှစ်ယောက်က ကိုင်ထားပါတယ်။

ရွာတွေဘက်ကနေ ကားကြီး ကားငယ်တွေ စက်ဘီး ဆိုင်ကယ်တွေနဲ့ ဆန္ဒပြရာမှာပါဝင်ဖို့ လာကြတဲ့ ကျောင်းသားပြည်သူတွေဟာ စုရပ်မှာ ဆုံကြပါတယ်။ ဆိုင်းဘုတ်စာတမ်းပါတဲ့ ကိုယ်တို့ အဖွဲ့က အရှေ့ဆုံးမှာနေပြီး စနစ်တကျ စီတန်းကြပါတယ်။ ပြီးတော့မှ တံတားကြီးပေါ်ဖြတ်ပြီး နှစ်မိုင် နီးပါးဝေးတဲ့ မြို့‌ပေါ်ကို ကြွေးကြော်သံများဟစ်ကြွေးကာ ချီတက်ကြပါတော့တယ်။ မြို့ပေါ်ရောက် ချိန်မှာ အခြားသပိတ်စစ်ကြောင်းတွေနဲ့ ပူးပေါင်းပြီး သတ်မှတ်ထားတဲ့ လမ်းကြောင်းများအတိုင်း ဆက်လက်ချီတက်လှည့်လည်ကြပါတယ်။

သပိတ်စစ်ကြောင်းအားလုံးရဲ့ တစ်နေ့တာ အဆုံးသတ်ရပ်နားကြမယ့် စုရပ်ဟာ ဘုရားကြီးဝင်း ဖြစ်ပါတယ်။ ဘုရားကြီးဝင်းပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းတချို့မှာ မြို့ပေါ်သပိတ်စခန်းများ ဖွင့်လှစ်ထားကြပါတယ်။ တစ်ခါတလေ အဲဒီသပိတ်စခန်းများက ဆန္ဒပြပြည်သူများကို ထမင်းထုပ်များ ဝေပေး တတ်ကြပါတယ်။ သပိတ်စစ်ကြောင်းများ ချီတက်ရာလမ်းတစ်လျှောက်မှာလည်း အ‌အေးတွေ မုန့်ပဲသရေစာတွေကို ကမ်းပေးတတ်ကြပါတယ်။

စစ်ကြောင်းများ ရပ်နားတဲ့နေ့တွေမှာတော့ ဘုရားကြီးဝင်းနဲ့ အခြားထင်ရှားတဲ့နေရာတွေမှာ ထင်ရှားသူများက နိုင်ငံရေးဟောပြောပွဲများ လုပ်လေ့ရှိပါတယ်။ ကိုယ့်တို့ကျောင်းနဲ့ မနီးမဝေး တံတားကြီးအနားမှာလည်း ဟောပြောပွဲ လုပ်ခဲ့ပါတယ်။ ရွာကြီးတွေမှာလည်း လုပ်ကြပါသေးတယ်။

ရှစ်လေးလုံးနေ့မှာတော့ မျှော်လင့်ထားတဲ့အတိုင်း ဆန္ဒပြပွဲက ကြီးမားပြင်းထန်ခဲ့ပါတယ်။ သတ်မှတ်ချိန်အတွင်းမှာ သပိတ်စစ်ကြောင်းပေါင်းစုံက တိုင်းကောင်စီရုံး(အခုတိုင်းအစိုးရအဖွဲ့ရုံး)နဲ့ မြို့နယ်ကောင်စီရုံး(အခုတိုင်းစည်ပင်ရုံး)တို့ရဲ့ မျက်နှာစာအရှေ့ ကားလမ်းမများပေါ်မှာ ဆုံလိုက်ကြပါ တယ်။ အရပ်လေးမျက်နှာစလုံး ဆန္ဒပြပြည်သူများနဲ့ ပြည့်လျှံသွားပါတယ်။ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ စစ်သားတွေက ရုံးကြီးဝင်းအတွင်းမှာ အသင့်အနေအထားနဲ့ နေရာယူထား ကြပါတယ်။

ဘုန်းကြီးတစ်ပါးက ဂျစ်ကားခေါင်မိုးပေါ်ကနေ ဆန္ဒပြသူတွေကိုရော လုံခြုံရေးယူနေကြတဲ့ စစ်သားတွေကိုပါ မေတ္တာရပ်ခံ တရားဟောပါတယ်။ တချိန်တည်းမှာပဲ ဆန္ဒပြသူတွေက တိုင်းရုံးနဲ့ မြို့နယ်ရုံးတို့ရဲ့ ဆိုင်းဘုတ်တွေနဲ့ အလံတွေကို ဖြုတ်ချလိုက်ကြပါတော့တယ်။ စစ်သားတွေက တင်းမာတဲ့ အမူအယာတွေ ပြရုံကလွဲလို့ ထူးထူးခြားခြား ဘာမှမတုံ့ပြန်ခဲ့ကြပါဘူး။ တကယ့်ကို အသဲယားဖွယ် မြင်ကွင်းအဖြစ် ဒီနေ့အထိ မြင်ယောင်မိနေပါသေးတယ်။

၉.၈.၁၉၈၈ ရက်နေ့မှာတော့ တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းတွေကို ရက်အကန့်အသတ် မရှိ ပိတ်လိုက်ကြောင်း ကြေညာပါတယ်။ ကိုယ်တို့တွေလည်း ကျောင်းဝင်းထဲကို ဝင်ခွင့်မရတော့ ပါဘူး။ အစည်းအဝေးလုပ်စရာရှိလာပါက အနီးမှာရှိတဲ့ ရွာတစ်ရွာရဲ့ ဘုရားတောင်ပေါ်မှာ လုပ်ကြရပါတယ်။

၁၂.၈.၁၉၈၈ ရက်နေ့မှာ သမ္မတ ဦးစိန်လွင် နှုတ်ထွက်ကြောင်း ကြေညာပါတယ်။ ဆန္ဒပြသူတွေ သာမက ပြည်သူတွေကပါ ဝမ်းသာပျော်ရွှင်ခဲ့ကြပါတယ်။ ကျေးရွာတွေမှာရှိကြတဲ့ မဆလပါတီဝင်တွေ နုတ်ထွက်ကြောင်း လက်မှတ်ရေးထိုးထားတဲ့စာတွေ ပျံ့နှံ့လာခဲ့ပါတယ်။ တချို့က သူတို့ရဲ့နုတ်ထွက် စာကို လူအများမြင်သာတဲ့ ခြံစည်းရိုးတွေ သစ်ပင်ကြီးတွေမှာ ကပ်ထားတာမျိုးကိုလည်း တွေ့ရပါတယ်။

၁၉.၈.၁၉၈၈ ရက်နေ့မှာ ဒေါက်တာမောင်မောင် သမ္မတဖြစ်လာပြန်ပါတယ်။ တီဗီကနေ ပြည်သူလူကို လေသံအေးအေးနဲ့ စကားခဏခဏ ထွက်ပြောတာကို တွေ့ရပါတယ်။

လိုက်လျောမှု အနည်းငယ်ပြုလိုတဲ့ သဘောမျိုးမြင်ရပါတယ်။ ပြည်သူလူထုက လက်မခံတာကြောင့် ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပေါ်ခဲ့ပါတယ်။

ကိုယ်တို့ကျောင်းနဲ့ မနီးမဝေးမှာ အစိုးရဆန်ဂို‌ဒေါင် တစ်ခုရှိပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ ဘယ်သူတွေက ဘာရည်ရွယ်ချက်တွေနဲ့ လာဖောက်သွားမှန်းမသိဘဲ အဖောက်ခံလိုက်ရကြောင်း သိရပါတယ်။ အခြားရပ်ရွာတွေမှာရှိတဲ့ သမဝါယမဆိုင်တွေလည်း အဖောက်ခံ ကြရကြောင်း သိရှိရပါတယ်။ အတွေ့အကြုံရှိတဲ့ လူကြီးတွေကတော့ တိုင်းပြည်အခြေအနေ ပိုမိုဆိုးဝါးလာတော့မယ့် လက္ခဏာလို့ ပြောကြပါတယ်။

ပြောကြတဲ့အတိုင်းပါပဲ ၁၉၈၈ ခုနှစ် စက်တင်္ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ၁၉.၉.၁၉၈၈ ရက်နေ့မှာ မြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ ဒီမိုကရေစီတပ်ဦးရုံးကို စစ်တပ်က ဝင်ရောက်စီးနင်း ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ကျောင်းအုပ်ဆရာကြီး တစ်ဦးနဲ့ ကျောင်းဆရာတစ်ဦး အပါအဝင် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦး ကျဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၃၀ ကျော်ခန့် ရှိကြောင်း သိရှိရပါတယ်။ ဖြိုခွင်းခံရပြီးတဲ့ နောက်မှာတော့ ဆန္ဒပြလှုပ်ရှားမှုတွေလည်း ရပ်နားသွားခဲ့ပါတော့တယ်။

နောက်ရက်တွေမှာ သပိတ်ကာလအတွင်း ထင်ရှားတက်ကြွသူတွေ ဦးဆောင်ဟောပြော သူတွေကို စစ်တပ်က လိုက်လံဖမ်းဆီးကြောင်း ကြားသိရပါတယ်။ တချို့ကလည်း စစ်အာဏာရှင် စနစ်ကို လက်နက်စွဲကိုင် တော်လှန်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တောထဲကို ထွက်ခွာသွားခဲ့ကြပါတယ်။ နောက်ပိုင်းမှာ တောထဲကပြန်လာတဲ့ သူငယ်ချင်းမိတ်ဆွေတချို့ကိုလည်း တွေ့ရပါတယ်။ ကိုယ်တို့ကျောင်းက သပိတ်ကော်မတီခေါင်းဆောင် လုပ်ခဲ့သူတစ်ယောက်ကိုတော့ ဘာကြောင့်ရယ်မသိ ကျောင်းပြန်ဖွင့်ချိန်မှာ ကျောင်းပြန်လာတက်တာကို မတွေ့ရပါ။ အခုထိလည်း တစ်ခါမှ လူချင်း ပြန်မဆုံဖြစ်တော့ပါ။

(ဝန်ခံချက်။ ။ ဆောင်းပါး၏ရည်ရွယ်ချက်သည် ရှစ်လေးလုံးအရေးအခင်း ကာလအတွင်း မြို့ပေါ်၌ဖြစ်ပျက်ခဲ့သော အကြောင်းအရာအားလုံးကို လွှမ်းခြုံဖော်ပြလိုခြင်း မဟုတ်ပါ။ ကျွန်တော် ပါဝင်ပတ်သက်ခဲ့သည့် နယ်ပယ်တွင် ဖြစ်ပျက်ခဲ့သည်များကို မှတ်မိသမျှ အကျဉ်းချုပ်တင်ပြခြင်းသာ ဖြစ်ပါသည်။ သို့ပါ၍ အကြောင်းအရာ အချက်အလက်များ မှားယွင်းခြင်း မပြည့်စုံခြင်းများ ရှိခဲ့ပါက ကျွန်တော်၏ အားနည်းချက်သာ ဖြစ်ပါကြောင်း ဝန်ခံအပ်ပါသည်။)

ဧသုနိုင်