စစ်တို့၏ တရားခြင်း

0
1435

ပဋိပက္ခကာလအတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အသွင်ကူးပြောင်းကာလ တရားမျှတမှု(Trans Justice) ဖော်ဆောင်ကြတဲ့အခါ အပြစ်ပေးအရေးယူပိုင်ခွင့်ရှိဖို့ အရေးကြီးပါတယ်။ စစ်ရာဇဝတ်ကောင်တွေအနေနဲ့ အပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေရင် ထပ်ခါထပ်ခါကျူးလွန်ဖို့အတွက် တံခါးဖွင့်ထားသလိုဖြစ်နေမှာပဲ။ သို့သော် တရားမျှတမှုအတွက် အပြစ်ပေးအရေးယူတာနဲ့ လက်စားခြေနှိပ်စက်သတ်ဖြတ်တာကို ကွဲကွဲပြားပြား သဘောပေါက်လက်ခံတတ်ဖို့တော့ အရေးကြီးပါတယ်။ အပြစ်ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူတာနဲ့ လက်စားချေ သုတ်သင်ရှင်းလင်းတာဟာ အသွင်သဏ္ဍာန်အရရော အနှစ်သာရအရပါ ခြားနားပါတယ်။

တော်လှန်ရေးရဲ့ အန္တိမ ရည်မှန်းချက်ဟာ လက်စားချေ တိုက်ခိုက်သတ်ဖြတ်ဖို့အတွက် မဟုတ်ပါဘူး။ တော်လှန်ရေးရဲ့ အတွေးအခေါ်နဲ့ ရည်ရွယ်ချက်တွေအားလုံးဟာ လူထုလိုချင်တဲ့ လွတ်လပ်မှု တန်းတူညီမျှမှုူ တရားမျှတမှုတွေအပေါ်မှာ အခြေခံတည်ဆောက်ရတယ်။ အပြစ်ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူတယ်ဆိုတာလည်း မျှတမှုရှိတဲ့ တရားဥပဒေဘောင်အတွင်းကပဲ အပြစ်ပေးအရေးယူခွင့်ရှိတာပါ။ တချို့နိုင်ငံတွေမှာ စစ်အာဏာရှင်တွေအနေနဲ့ အပြစ်ဒဏ်ခံယူမှုမရှိဘဲ ထွက်ပြေးလွတ်မြောက်သွားမျိုးရှိသလို တချို့နိုင်ငံတွေရဲ့ ပြည်တွင်းစစ်တွေမှာ အာဏာရှင်တွေနဲ့ အတိုက်အခံအင်အားစုတွေ တစ်ဘက်နဲ့တစ်ဘက် တွေ့ဆုံဆွေးနွေးအဖြေရှာပြီး သင်ပုန်းချေလိုက်ကြတာမျိုးလည်း ရှိပါတယ်။ ဥပမာ တောင်အာဖရိက တော်လှန်ရေးမှာဆိုရင် ဖရက်ဒရက် ဝီလီယံ ဒီကလပ်စ် နဲ့ နယ်ဆင်မင်ဒလားတို့ဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ပူးတွဲယူပြီး ပြည်တွင်းပဋိပက္ခကို အဆုံးသတ်လိုက်ကြတယ်။

အဆုံးသတ်က ဘာဖြစ်မလဲ

ကနေ့ ကျွန်တော်တို့ကိုယ်တိုင် ပါဝင်ရုန်းကန်တိုက်ပွဲဝင်နေကြရတဲ့ တော်လှန်ရေးကို ဘယ်လိုအဆုံးသတ်နိုင်မလဲမေးရင် ဘာမဆိုဖြစ်သွားနိုင်တယ်လို့ပဲ ဖြေချင်ပါတယ်။ သေချာတာက တော်လှန်ရေးကာလ ပိုကြာလေလေ လူထုစီးပွားအကျပ်အတည်းက ပိုကြီးလာလေလေ ဖြစ်မှာပဲ။ အထူးသဖြင့် အခြေခံပြည်သူတွေရဲ့ ဘဝဟာ မမြင်ရက်စရာကောင်းလောက်အောင် နစ်မွန်းသွားနိုင်ပါတယ်။ စစ်မီးလျှံတွေကြားမှာ အားလုံးဟာ တစ်ဖက်နဲ့တစ်ဖက် အမြစ်ပြတ်သုတ်သင်ရှင်းလင်းရေးကိုပဲ ဦးတည်နေကြမှတော့ ဣဋ္ဌာရုံဟူ၍ မရှိနိုင်ပါဘူး။

တစ်ဘက်နဲ့တစ်ဘက် စစ်ရေးအရအပြတ်ရှင်းနိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲတယ်လို့ပြောရင် ကျွန်တော့်ကိုဖောက်ပြန်ရေးသမားလို့ သတ်မှတ်ချင်သူတွေလည်း မနည်းလှဘူးထင်တယ်။ ဒီလိုဆိုရင် ကိုယ့်ဘက်ကပြောစရာတစ်ခုပဲ ရှိတယ်။ ပြည်တွင်းစစ်သံသရာခရီး ၃၆၀ ဒီဂရီ လှည့်လာနေတာမျိုးကို အချိန်အတိုင်းအတာတစ်ခုလောက်ကြာမှ မြင်ရတတ်တယ်ဆိုတာပါ။ ကျွန်တော့်ရဲ့ အထင်အမြင်အယူအဆတွေလည်း မှားချင်မှားမှာပေါ့လေ။ နောက်ဆုံးတော့ လွတ်လွတ်လပ်လပ် ထင်မြင်ခွင့်ရဖို့ပဲ မျှော်လင့်ချင်တော့တယ်။

အနှစ်ကာလရှည်ကြာတိုက်ကြခိုက်ကြလို့ အနိဋ္ဌာရုံတွေချည်းနဲ့ နိုးထနေရ၊ ပြီးတော့မှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာကြတာအကောင်းဆုံးလို့ အရသာခံပြောကြတာတွေ၊ နေပြည်တော်က အကောင်းဆုံးဟိုတယ်နံရံတွေဆီ ရောက်ချင်ရောက်ဦးမှာပေါ့။ အဲလိုအချိန်ကျရင် လက်ရှိမှာ လူမှုကွန်ရက်ပေါ်က အကြီးအကျယ်စစ်တိုက်နေကြသူတွေလည်း စစ်ပွဲတွေချက်ချင်းရပ် ဆိုတဲ့ဆိုင်းဘုတ်လေးတွေကိုယ်စီကိုင်ပြီး စီတန်းလှည့်လည်ချင် လှည့်လည်နေကြမှာပဲ။

NUG မှာ တွေ့ဆုံဆွေးနွေးရေးမူ ရှိလား

ဟုတ်ပြီ။ ခင်ဗျားရော တွေ့ဆုံဆွေးနွေးရေးကို လက်ခံသလားမေးရင် ပြည်သူလူထုလိုလားတဲ့ နိုင်ငံရေးစနစ်တစ်ရပ် ရဖို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်တဲ့ အခင်းအကျင်းမျိုးဆိုရင် လက်ခံပါတယ်။ ကျွန်တော်အမြင်က အဲသလိုအခင်းအကျင်းမျိုးဖြစ်ဖို့ ဦးတည်တဲ့တော်လှန်ရေးက ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းပြီး ပြည်သူလူထုအတွက် ပိုပြီးဝန်ထုပ်ဝန်ပိုးသက်သာစေတယ် လို့မြင်တယ်။

ခင်ဗျားအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံမခံဘဲ တစ်ချက်လွတ်ဖြေစေချင်တယ်လို့ မေးလာခဲ့ရင် လက်နက်နဲ့ဖိနှိပ်အုပ်ချုပ်တဲ့ အာဏာရှင်တွေကို လက်နက်ကိုင် ခုခံတော်လှန်တာက ပုန်ကန်သူတွေရဲ့ အခွင့်အရေးဖြစ်တယ်ဆိုတာလောက်ပဲ ဖြေနိုင်ပါတယ်။ စစ်ရေးအရဖိအားပေးပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာမျိုးကို သိပ်လက်ခံတယ်။ ဒါပေမဲ့ စစ်ရေးတစ်ခုတည်းနဲ့တော့ ဖြစ်နိုင်ခြေနည်းတယ်။ ဖိအားပေးတဲ့အခါမှာ နိုင်ငံရေးအရရော စစ်ရေးအရပါ ဖိအားပေးနိုင်ဖို့ အရေးကြီးပါလိမ့်မယ်။

ဘာမှ လာမပြောနဲ့။ သွေးကြွေးမှာ ဆွေးနွေးစရာမရှိ၊ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်ဆိုတဲ့ အယူအဆမျိုးတွေကိုပဲ တစ်ချိန်လုံး အလေးပေးပြီး အခြေခံစဉ်းစားတယ်။ ဒါက စစ်အနိုင်တိုက်ရေးဆိုတာထက် အမြစ်ဖြတ်သုတ်သင်ရှင်းလင်းရေးပဲကွလို့ ပြောရင်လည်းပြောကြပေါ့။ ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ Condition/Precondition တွေကိုတော့ မြင်အောင်ကြည့်ကြဖို့လိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာမှာ ယာယီသမ္မတရဲ့ အင်တာဗျူးတစ်ခုကို တွေ့ကြရမှာပါ။

အင်တာဗျူးမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနိုင်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး အဓိက အချက်(၅)ချက်ကို ပြောသွားတယ်။ (၁) အကြမ်းဖက်သတ်ဖြတ်မှုတွေ ချက်ချင်းရပ်တန့်ရမယ်၊ (၂) အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးကနေ စွန့်ခွာဖို့ အာမခံရမယ်၊ (၃) နိုင်ငံတကာရဲ့ လူသားချင်းကူညီမှုတွေကို လုံးဝ မနှောင့်ယှက်ဘဲ နေရမယ်၊ (၄) ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ကို ဖျက်သိမ်းကြောင်းကို လက်ခံရမယ်၊ (၅) တွေ့ဆုံဆွေးနွေးရေးမှာ နိုင်ငံတကာရဲ့ ကြားဝင်မှုကို ခွင့်ပြုရမယ်တဲ့။ ဒီနေရာမှာ တစ်ချက်လောက် ထပ်ဖြည့်သင့်တာက အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးမူကို လက်ခံသဘောတူရမယ်ဆိုတဲ့ အချက်ပါ။

စစ်မှာ စစ်ဥပဒေသတွေရှိတယ်

သွေးကြွေးမှာ ဆွေးနွေးစရာမရှိ၊ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်ဆိုတဲ့ အခြေခံအယူအဆတွေဟာ အဖြေထွက်ဖို့ အခုအခြေအနေနဲ့ ဘယ်လောက်ထိ ကိုက်ညီလဲ တွေးဆကြဖို့ လိုပါမယ်။ တော်လှန်ရေးမှာတော့ လူပိန်းတွေနဲ့ နီကြောင်ကျားတွေအကြိုက် အလိုက်အထိုက်ရွေးပြောဖို့မလိုဘူး။ အတွေးအခေါ်အယူအဆတွေပါတဲ့ ကြွေးကြော်သံ (Slogan) တွေကသာ တော်လှန်ရေးအတွက် ပိုပြီးအလုပ်ဖြစ်ပါတယ်။

ဘာလို့များ အဲလောက်တောင် ပျစ်ပျစ်ညစ်ညစ်ပြောနေရသလဲမေးရင် စိတ်သန့်သန့်နဲ့ ပြောရဲတာတစ်ခုတော့ရှိတယ်။ အဲဒါက တော်လှန်ရေးတစ်စုံလုံးရဲ့ ရည်ရွယ်ချက်စံတန်ဖိုးတွေကနေ သွေဖယ်ချော်ထွက်သွားမှာကို စိုးရိမ်မကင်းဖြစ်လို့ပါပဲ။ တချို့လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အရပ်ဘက်နဲ့ စစ်ဘက်ကိုမခွဲ ပစ်မှတ်ထားတိုက်ခိုက်ရလွယ်ကူတဲ့ Soft Target တွေကို ရွေးတိုက်ရင်းနဲ့ နိုင်ငံတကာ စစ်ဥပဒေသတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာမျိုးလည်း တွေ့ရမှာပါ။

စစ်ဥပဒေ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေစည်းမျဉ်းတွေမှာ အရပ်သားတွေနဲ့ တိုက်ပွဲဝင်စစ်သည်များကြား အမြဲတစေခွဲခြားရမယ်၊ တိုက်ပွဲဝင်စစ်သည်တွေနဲ့ စစ်‌ရေးပစ်ကိုသာ ဦးတည်တိုက်ခိုက်ရတယ်၊ အရပ်သားတွေကို ဦးတည်တိုက်ခိုက်တာမျိုးအပြင် အရပ်သားပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို လက်စားချေသိမ်းဆည်းတာမျိုးမလုပ်ဖို့ တားမြစ်ထားတယ်။ ပြီးတော့ ဖမ်းဆီးရမိတဲ့ ရန်သူ့စစ်သုံ့ပန်းတွေနဲ့ အရပ်သားတွေကို အကြမ်းဖက်နှိပ်စက်တာ လက်စားချေတာမလုပ်ဖို့ လည်းတားမြင့်ထားတယ်။ အရပ်သားဆိုတာ လက်နက်ကိုင်တပ်ဖွဲ့ဝင်မဟုတ်တဲ့ လူပုဂ္ဂိုလ်အားလုံးကို ဆိုလိုတာလည်းဖြစ်တယ်။

စစ်သုံ့ပန်းတွေကို ဘယ်လိုဆက်ဆံရလဲ

ပြီးခဲ့တဲ့နှစ်က ဆရာကြီးတစ်ယောက်ရေးထားတဲ့ No Revenge ဂလဲ့စားမချေဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်ခဲ့ရတယ်။ ဆောင်းပါးမှာ ရန်သူအီဂျစ်ခေါင်းဆောင်ကို ဖမ်းဆီးမိလို့ ဂလဲ့စားချေသတ်ဖြတ်လိုက်တဲ့ ကလီယိုပက်ထရာအား ဆီဇာကြီးရဲ့ သင်ကြားမှုတွေနဲ့အားဖြည့်ထားတယ်။ ဆီဇာကြီးက ကလီယိုပက်ထရာကို ‘မင်းက အီဂျစ်ခေါင်းဆောင်ကို သတ်လိုက်တော့ အီဂျစ်တွေက မင်းကိုပြန်သတ်ဖို့လာနေကြပြီ၊ မင်းကို အီဂျစ်တွေက သတ်ရင် ငါက အီဂျစ်တွေကို ပြန်သတ်မယ်၊ ငါက အီဂျစ်တွေကို သတ်ရင် ကျန်တဲ့အီဂျစ်တွေက ငါ့ရောမသားတွေကို ပြန်သတ်ကြမယ်၊ ဂလဲ့စားချေတဲ့သံသရာကို ကိုယ့်အလှည့်မှာ ရပ်လိုက်ပါတဲ့။

ဒါကို အင်မတန်ရယ်ဒီကယ်ဆန်ပါတယ်ဆိုသူတွေ သိပ်မကြိုက်လှဘူး။ သူတို့တွေက အယ်စေးဝါးရဲ့ ‘ကျည်ကုန်လို့ လက်နက်ချအညံ့ခံတဲ့ကောင်တွေကို သတ်ကွာ’လို့ ရီကာမောကာပြောနေတဲ့ ဗွီဒီယိုဖိုင်ကိုကြည့်ပြီး အားရကျေနပ်နေကြမှာနဲ့ တူပါတယ်။

ကျွန်တော်အမြင်ကိုပြောရရင် အယ်စေးဝါးရဲ့ အဲဒီလုပ်ရပ်ဟာ နိုင်ငံတကာ စစ်ဥပဒေသတွေဖြစ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စည်းမျဉ်းဥပဒေတွေကို မထီမဲ့မြင်ပြုရာရောက်တယ်လို့ မြင်တယ်။ အမှန်တကယ်လည်း စစ်သည်တော်ကျင့်ဝတ်တွေကို ချိုးဖောက်တဲ့ လုပ်ရပ်သာဖြစ်တယ်။ ရန်သူ့စစ်သုံ့ပန်းတွေကို လူသားဆန်ဆန် ပြုမူဆက်ဆံရတယ်ဆိုတာ စည်းမျဉ်းသတ်မှတ်ချက်တွေအရသာမက စစ်ရေးအရ အကျိုးအမြတ် ကြီးမားတာပါ။

ရန်သူ့သုံ့ပန်းတွေကို နိုင်ငံရေးအရအသိပညာပေးပြီး လူသားချင်းစာနာမှုနဲ့ ပြန်လွှတ်တာမျိုးက ရန်သူ့စစ်တပ်ရဲ့ မှားယွင်းတဲ့ရည်ရွယ်တွေကို သူတို့တပ်ဖွဲ့ဝင်တွေကြား သိရှိလာအောင် လုပ်လိုက်တာပါပဲ။ ပြီးတော့ အဲဒီတပ်သားတွေဟာ ရှေ့တန်းစစ်မျက်နှာက အတိုက်အခံတွေနဲ့ ပြန်လည်ရင်ဆိုင်လာကြရတဲ့ခါ မိုက်မိုက်ကန်းကန်းတိုက်ခိုက်လိုစိတ်တွေ လျော့နည်းကုန်တယ်လို့ ဆိုတယ်။ ပြီးတော့ ရန်သူ့သုံ့ပန်းတွေကို နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ပြုမူဆက်ဆံတာဟာ နိုင်ငံတကာရဲ့ ထောက်ခံဝန်းရံမှုတွေလည်း ပိုရစေတဲ့အချက်ဖြစ်တယ်။

ရန်သူ့သုံ့ပန်းတွေကို လက်လွတ်စပယ် မသတ်ဖြတ်ရဘူးဆိုတာ ရှေးပဝေသဏီကတည်းက ပညတ်ချက်တွေရှိပါတယ်။ ဓမ္မဟောင်းကျမ်းထဲမှာ ဣသရေလရှင်ဘုရင်က ပရောဖက်ဧလိရှဲရဲ့ သင်ကြားမှုနဲ့ ဖမ်းဆီးရမိတဲ့ သုံ့ပန်းကို မသတ်ဖြတ်ဖို့ တားမြစ်ခဲ့ဖူးပါတယ်။ ‘ပရောဖက်ဧလိရှဲက ရန်သူသုံ့ပန်းကို မသတ်ပါနဲ့၊ ဓားဖြင့်ခုတ်လျှက်၊ လေးနဲ့ပစ်လျှက် စစ်တိုက်လို့ ဖမ်းဆီးရမိသူတွေကို သတ်ရမှာလား၊ သူတို့ရှေ့မှာ အစားအစာနဲ့ရေကို ချပေးပြီး စားသောက်စေပြီးမှ သူတို့သခင်တွေဆီကို သွားပါစေလို့’သင်ကြားပေးခဲ့တယ်။

အဲသလိုပါပဲ မာနူးရဲ့ ရှေးဟောင်းအိန္ဒိယဥပဒေမှတ်တမ်းတွေမှာလည်း စစ်ပွဲအတွင်း အသုံးမပြုသင့်တဲ့ လက်နက်ပစ္စည်းတချို့ကို ကန့်သတ်ထားတာမျိုးရှိသလို လက်နက်ချအညံ့ခံတဲ့ တပ်သားတွေကို မသတ်ဖြတ်ဖို့ တားမြစ်ထားပါတယ်။ အစ္စလမ်ဘာသာရေးဆိုင်ရာ ဥပဒေပညာရှင်တွေလည်းပဲ ပြန်လည်ခုခံနိုင်စွမ်းမရှိတဲ့ သုံ့ပန်းတွေကို သတ်ဖြတ်ဖို့ မသင့်တော်ဘူးလို့ ပညတ်ချက်တချို့ရှိတာ တွေ့ရတယ်။

တော်လှန်ရေးဆိုတာ ကျွန်တော်တို့ခပ်ငယ်ငယ်က အုပ်စုအလိုက်ငှက်ပစ်ပြိုင်ကြသလို ငှက်အကောင်ရေရများဖို့အတွက် အိုနာကျိုးကန်းတွေပါမချန် ပစ်ခတ်သတ်ဖြတ်ပြီး အနိုင်ယူရတာမျိုးလည်းမဟုတ်ဘူး။ တရားတဲ့စစ်မှာ တရားမျှတမှုဆိုတဲ့ စံနှုန်းတန်ဖိုးတွေကသာ အနိုင်အရှုံးကို ဆုံးဖြတ်ပေးမှာပါ။

မိုးစက်