ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ညမထွက်ရအမိန့် AA ထုတ်

0
257
ပုံစာ - AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း) Photo - Arakan Princess Media

တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့် ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ဧပြီလ ၂၆ရက်မှ စတင်ကာ ည ၇ နာရီမှ နံနက် ၆နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) ထုတ်ပြန်သည်။

ညမထွက်ရအမိန့်ကို ရုတ်သိမ်းကြောင်း မကြေညာမီအထိ လိုက်နာကြရန် AA က ပြောဆိုပြီး မလိုက်နာလျှင် အပြစ်ပေး အရေးယူမည်၊ မဖြစ်မနေသွားလာရန် လိုအပ်လျှင် ခွင့်ပြုချက်ယူပြီးမှ သွားလာကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲမြို့များတွင် တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီး အထူးသဖြင့် ဘူးသီးတောင် စကခ (၁၅) ကို သိမ်းယူရန်ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် အဆိုပါမြို့နယ်အတွင်း တိုက်ပွဲများပိုမိုပြင်းထန်နေကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ဘူးသီးတောင်၊ မောင်တောဒေသတွင် မတူညီသည့် လူအဖွဲ့အစည်းတို့အကြား ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားလာစေရန် လုပ်ဆောင်နေကြောင်းလည်း AA က ဆိုသည်။

စစ်ကောင်စီသည် မွတ်ဆလင်များကို စစ်သင်တန်းပေး၍ တိုက်ပွဲများအတွင်းတွင် အသုံးပြုခြင်း၊ ARSA၊ ARA၊ RSO မွတ်ဆလင်အဖွဲ့များကို လက်နက်တပ်ဆင်ပေးခြင်း စသည်တို့ကို လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မွတ်ဆလင်အဖွဲ့များကလည်း တစ်ဖွဲ့ချင်းသော်လည်းကောင်း၊ စစ်ကောင်စီနှင့် ပူးပေါင်း၍ လည်းကောင်း၊ စစ်ကောင်စီ သင်တန်းဆင်း မွတ်ဆလင်တို့က သော်လည်းကောင်း AA ကို ခပ်စိပ်စိပ် တိုက်ခိုက်လာကြောင်းလည်း ဖော်ပြသည်။

မွတ်ဆလင်မဟုတ်သည့် အခြားပြည်သူများပိုင်သည့် နေအိမ်များကို မီးရှို့ခြင်း၊ ဖောက်ထွင်းခိုးယူခြင်း စသည့် ပြည်သူ့ အသက်၊ အိုးအိမ်၊ လုံခြုံရေးတို့အား ခြိမ်းခြောက်နေသည့် လုပ်ရပ်တို့ကို မောင်တော၊ ဘူးသီးတောင်ဒေသတို့တွင် ဆက်တိုက် လုပ်ဆောင်လာသဖြင့် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း AA က ဆိုသည်။

နေအိမ်များကို မီးရှို့ခြင်း၊ ဖောက်ထွင်းခိုးယူခြင်း စသည်တို့နှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရိုဟင်ဂျာအရေးလှုပ်ရှားသူ ကိုရိုနေဆန်းလွင်ကမူ ရခိုင်လူမျိုးများ၏ နေအိမ်များကို စစ်ကောင်စီက ဖောက်ထွင်းခြင်း၊ မီးရှို့ခြင်း လုပ်ဆောင်ရာတွင် စစ်သင်တန်းပေးထားသည့် ရိုဟင်ဂျာလူငယ်များကိုပါ ခေါ်ဆောင်သွားခြင်းသည် အမြင်လွဲစရာ၊ နားလည်မှုလွဲစရာဖြစ်ပြီး ပဋိပက္ခဖြစ်အောင်လုပ်နေခြင်းဖြစ်ကြောင်း RFA သတင်းတစ်ရပ်တွင် ပြောဆိုထားသည်။

မောင်တော၊ ဘူးသီးတောင်ဒေသတွင် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းသည် ရိုဟင်ဂျာများ၏ လုံခြုံရေးအတွက် အလွန်အန္တရာယ် ဖြစ်စေကြောင်း ရိုဟင်ဂျာအရေးလှုပ်ရှားသူအချို့က လူမှုကွန်ရက်တွင် ရေးသားပြောဆိုထားသည်။

စစ်ကောင်စီကမူ မောင်တော၊ ဘူးသီးတောင်ဒေသတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် AA ကသာ လုပ်ဆောင် လုပ်နေခြင်းဖြစ်သည်ဟု ပြောဆိုထားပြီး မီးရှို့မှုများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်သင်တန်းပေးထားသည့် ရိုဟင်ဂျာများက လုပ်ဆောင်သည်ဆိုသည့်အပေါ်လည်း ငြင်းဆိုထားသည်။

ဘူးသီးတောင်မြို့နယ်တွင် ဧပြီလ ၁၂ ရက်နေ့မှ စတင်ပြီး ပဋိပက္ခဖြစ်ပွားမှုများ မြင့်တက်လာပြီး နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရုံးနှင့် ဆေးထားသိုသည့်နေရာ အပါအဝင် နေအိမ်နှစ်ရာကျော် မီးလောင်ပျက်စီခဲ့ကြောင်း MSF က ဧပြီလ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။