ကော့သောင်းနှင့် မြဝတီနယ်စပ်တွင် စမတ်ကတ်အမြန်ရရန် ဘတ်ငါးရာအထိ ဈေးပေါက်

0
336
ပုံစာ - ကော့သောင်း-ရနောင်းသွားနေသည့် ပဲ့ချိတ်လှေများ။

ထိုင်းနယ်စပ်မြို့များဖြစ်သည့် မြ၀တီမြို့နှင့် ကော့သောင်းမြို့တွင် စမတ်ကတ်လျှောက်သူများပြားနေသဖြင့် အမြန်လို သူများက ပွဲစားကတစ်ဆင့်ငွေပေးပြီး လုပ်ဆောင်ကြရကြောင်း စမတ်ကတ်လုပ်ခဲ့သူအချို့ထံမှ သိရသည်။

မေလ ၁ ရက်နေ့မှစကာ နယ်စပ်ဂိတ်များမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်း သွားမည့်သူများကို UID ကတ် ဟုခေါ်သည့် စမတ်ကတ်ရှိမှသာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီက တင်းကျပ်ထားသည်။

UID ဟုခေါ်သည့် စမတ်ကတ်မှာ မျက်လုံး၊ လက်ဗွေ အစရှိသည့် ဇီဝဆိုင်ရာ အချက်အလက်များကို တစ်ဦးချင်းအလိုက် မှတ်တမ်းတင် သိမ်းဆည်းထားခြင်းဖြစ်သည်။

ထို့ကြောင့် နယ်စပ်မြို့များရှိ စစ်ကောင်စီ၏ လဝကရုံးများတွင် စမတ်ကတ်လုပ်သူ ရာပေါင်းများစွာ တန်းစီတိုးဝှေ့နေကြပြီး အနည်းဆုံး ၃ ရက်ခန့် အချိန်ယူစောင့်ဆိုင်းရကြောင်း ကော့သောင်းမြို့တွက် စမတ်ကတ်လုပ်ခဲ့သူအချို့က ဆိုသည်။

ယင်းသို့ မစောင့်လိုသူများက ပွဲစားမှတစ်ဆင့်ချိတ်ဆက်ကာ ဘတ် ၃၀၀ မှ ဘတ် ၅၀၀ အထိ ပေးပြီးလုပ်ပါက နေ့ချင်းပြီး လုပ်ခွင့်ရနေကြောင်း ၎င်းတို့က ဆိုသည်။

ထို့ကြောင့်လည်း ပွဲစားအချို့က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် စမတ်ကတ်အမြန်လုပ်ပေးသည်ဆိုသည့် Post များတင်ကာ ပေါ်ပေါ်တင်တင်ပင် လူခေါ်နေကြသည်။

ကော့သောင်း လဝကတွင် တစ်ရက်လျှင် စမတ်ကတ်လုပ်ရန် လူဦးရေနှစ်ရာ သတ်မှတ်ထားသော်လည်း တန်းစီစောင့်ဆိုင်း နေသူ အရေအတွက်မှာ ငါးရာခန့်အထိ ရှိနေကြောင်း ရက်ပိုင်းအတွင်းက စမတ်ကတ်လုပ်ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“အများအားဖြင့်တော့ အနောက်ပေါက်ကနေ ဝင်လာကြတာ များတယ်ရှင့်။ ညီမတို့ သွားပြီးစောင့်တာ စိတ်မရှည်လို့ လမ်းကြောင်းနဲ့ လုပ်လိုက်တယ်ရှင့်။ ဘတ်ငါးရာပေးသုံးလိုက်တာ မြန်မြန်ပဲ ရလာတယ်ရှင့်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

မြ၀တီမြို့တွင်လည်း စမတ်ကတ်လုပ်ရန် အတွက် တန်းစီစောင့်ဆိုင်းနေသူအရေအတွက်မှာ တစ်ရက်လျှင် လေးရာခန့်ရှိပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရသည့်အတွက် ပွဲစားကတစ်ဆင့် ပြုလုပ်နေကြသည်ကို တွေ့ရကြောင်း စမတ်ကတ်လုပ်သူများထံမှ သိရသည်။

စမတ်ကတ်လုပ်ရန် ပွဲစားကို ပေးရသည့်ငွေမှာ ငွေကျပ်ငါးသောင်းကျော်အထိ ပေါက်စျေးရှိနေသည်။

စစ်ကောင်စီက မေလ ၁ ရက်နေ့မှစတင်ကာ စမတ်ကတ်ရှိမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP တွင် အထွက်တုံးထုပေးခြင်းနှင့် TBP လက်မှတ် ထုတ်ပေးတော့သည်။

BP ဆိုသည်မှာ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ၁၄ ရက်နေထိုင်ခွင့်ရှိကာ ကော့သောင်း၊ မြဝတီ အိမ်ထောင်စုရှိသူများကို ထုတ်ပေးထားသည်။

TBP ဆိုသည်မှာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ၇ ရက် နေထိုင်ခွင့်ရှိသည်။

စစ်ကောင်စီအနေဖြင့် ၎င်းကို ဆန့်ကျင်နေသည့် ပြည်သူများကို ဖိနှိပ်ထိန်းချုပ်ရန် ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူပြီး စမတ်ကတ်ထုတ်ပေးနေခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြထားသည်။