တိုက်ပွဲကြောင့် သရက်ချောင်းနှင့် ဘုတ်ပြင်းတွင် ခရီးသည်ရာချီပိတ်မိ

0
509
ပုံစာ - တိုက်ပွဲကြောင့် သရက်ချောင်း - ပုလောလမ်းပိုင်း ပိတ်မိနေသည့် ကားများ။

တိုက်ပွဲကြောင့် သရက်ချောင်းမြို့နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် ကားများနှင့် ခရီးသည်ရာချီ ပိတ်မိနေဆဲဖြစ်ကြောင်း ကားမောင်းသူများနှင့် ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။

ထားဝယ်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမပေါ်က စစ်ကောင်စီတပ်၏ ပဲဒက်စခန်းနှင့် 1020 တောင်စခန်းနှစ်ခုကို တောင်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်နေသဖြင့် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။

နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထားဝယ်မှ ဘုတ်ပြင်းအထိ ရန်ကုန်-ထားဝယ်- ကော့သောင်း အတက် အဆင်းကား အစီးရေ ၁၀၀ကျော် ပိတ်မိနေကြောင်း ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူအချို့နှင့် ကားမောင်းသူအချို့က ဆိုသည်။

ပဲဒက်စခန်းမှာ သရက်ချောင်းနှင့် ပုလောလမ်းပိုင်းတွင်တည်ရှိပြီး 1020 တောင်စခန်းမှာ တနင်္သာရီနှင့် ဘုတ်ပြင်းကြားတွင် တည်ရှိသည်။ ခရီးသည်များ ပိတ်မိနေသည့် နေရာ နှစ်ခုစလုံးမှာ ရန်ကုန်-ထားဝယ်- ကော့သောင်းလမ်းတွင် ဖြစ်သည်။

မြိတ်မှ ရန်ကုန်သို့လာသည့် ကားတို့သည် ပဲဒက်နှင့် ပုလောလမ်းပိုင်းတွင် ပိတ်မိနေသည်မှာ ၅ ရက်ခန့်ရှိလာပြီဖြစ်ကြောင်း ကားမောင်သူတစ်ဦးက ဆိုသည်။ ယင်းလမ်းပိုင်းတွင် ပိတ်မိသည့် ကားအစီးရေ ၇၀ ခန့် ခရီးသည် ၃၀၀ ခန့်ရှိကြောင်း ၎င်းက ပြောဆိုသည်။

“ဝယ်စားခြမ်းစားရတာ အဆင်ကတော့ ဘယ်ပြေမတုန်း။ ဒီကရွာခံတွေက ကျွေးတာလည်း ကျွေးတာပေါ့။ ကျွန်တော်တို့ ကားတွေကလည်း ပါတဲ့ဟာတွေ ငါးခြောက်တွေ ပြီးတော့ ငါးပုံးတွေ အဲဒါတွေဖောက်ကျွေးရတာတွေ ရှိတာပေါ့။ တစ်ရက် နှစ်ရက် မဟုတ်ဘူးလေ၊ သုံးလေးငါးရက်ဆိုတော့ ရိက္ခာတွေ (ခရီးသည်တွေမှာ) သူတို့ပါလာတဲ့ ပိုက်ဆံတွေလည်း ပြတ်ကုန် ကြပြီလေ။ ဆိုင်တွေက မရောင်းတာ မဟုတ်ဘူး ရောင်းပါတယ်။ ဒါပေမဲ့ ဆိုင်တွေမှာလည်း ရိက္ခာပြတ်နေပြီဆိုတော့ ကျွန်တော်တို့ ကားတွေကနေ ရိက္ခာဖောက်ကျွေးရတာတွေရှိတာပေါ့” ဟု အထက်ပါ ကားမောင်းသူက ပြောသည်။

နေ့ဘက်တွင် ရော်ဘာခြံများထဲ ဝင်ရောက်နားနေကြပြီး ညဘက်တွင် ကားဆီပြန်လာကာ အဆင်ပြေသလို အိပ်စက်နေကြရကြောင်း ၎င်းက ဆိုသည်။

ရေခဲရိုက် တင်ဆောင်လာသည့် ငါးပုံးများနှင့် ဒူးရင်းသီးကဲ့သို့သော ကုန်စိမ်းများ ပုပ်သွားသဖြင့် ကုန်သည်များ ဆုံးရှုံးမှုများနိုင်သည်ဟု ကားမောင်းသူတို့ထံမှ သိရသည်။

“အသီးကုန်သည်တွေကတော့ မစဉ်းစားနဲ့၊ အသီးတွေကတော့ ပုပ်ကုန်ပြီ။ ဒူးရင်းသီးတွေဆိုလည်း ပုပ်ကုန်ပြီ။ ကားတိုင်းမှာက ဒူးရင်းသီး မပါတဲ့ကား မရှိဘူး။ ရေခဲပုံးကားတွေကတော့ အဲကွန်း ပေးထားတာကိုး။ အခြောက်အခြမ်းကားတွေကတော့ နည်းပါတယ်။ ငါးကားတွေမှန်သမျှ ကုန်စိမ်းတင်တဲ့ကားမှန်သမျှ‌ သွားပြီလေ။ ဘာမှမရတော့ဘူးလေ” ဟု အထက်ပါ ကားသမားက ပြောသည်။

ပဲဒက်စခန်းမှာ မေလ ၅ ရက်က စတင်တိုက်ပွဲဖြစ်ပွားနေပြီး လေးရက်မြောက်နေ့ဖြစ်သည့် ယနေ့ နံနက်ပိုင်းတွင် စခန်းကို တော်လှန်ရေး ပူးပေါင်း တပ်များ သိမ်းယူနိုင်ခဲ့သည်။

စခန်းသိမ်းနိုင်ပြီးနောက် ယနေ့ မွန်းလွဲပိုင်းတွင် ပဲဒက်-ပုလောလမ်းပိုင်းက ကားများကို လွှတ်ပေးလိုက်ပြီ ဖြစ်သော်လည်း စစ်ကောင်စီတပ်ရှိရာ ဝင်းဝစခန်းအနီးတွင် ထပ်မံပိတ်မိနေဆဲဖြစ်ကြောင်း ကားသမားများထံမှ သိရသည်။

1020 တောင် တိုက်ပွဲကြောင့် တနင်္သာရီနှင့် ဘုတ်ပြင်းလမ်းပိုင်းတွင်လည်း ကားများ ပိတ်မိနေပြီး ရွာခံများနှင့် ဘုန်းကြီး ကျောင်းများက နေရာထိုင်ခင်းနှင့် စားသောက်ဖွယ်ရာများ ကူညီပေးကြောင်း ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူ အချို့ထံမှ သိရသည်။

ခရီးသည်များက ဝယ်ခြမ်းစားသောက်ကြသလို ရွာခံများက ကျွေးမွေးကြောင်း ထားဝယ်ကားဂိတ်က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ခရီးသည်တွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ သူတို့လက်ရှိ ရောက်နေတဲ့နေရာမှာက ကားတစ်စီးတည်းမဟုတ်ဘူး။ တခြားကားလိုင်းတွေလည်း ရှိသေးတယ်။ ကားအသေးလေးတွေလည်း ရှိတယ်။ ယာဉ်လိုင်းအကြီးတွေလည်းရှိတယ်။ လက်ရှိ နေနေတဲ့ နေရာကတော့ လွတ်တယ်။ အရှေ့မှာကတော့ လုံးဝ အဆင်မပြေဘူး။ တိုက်ခိုက်နေတာရှိတယ်။ နောက်ပြန် လှည့်လို့လည်း မလွယ်ဘူး အဲဒီလိုမျိုး” ဟု ၎င်းက ပြောသည်။

တနင်္သာရီနှင့် ဘုတ်ပြင်းဘက်တွင် ပိတ်မိနေသည့် ခရီးသည်ကားများအနက် ဘုတ်ပြင်း၊ ကော့သောင်းဘက်ကို ပြန်လှည့်၍ ရသည့် ကားများက ပြန်လှည့်ကြပြီး ခရီးသည်များမှာ စက်လှေဖြင့် ဘုတ်ပြင်း-တနင်္သာရီဘက်ကို ရေလမ်းက သွားနေကြ ကြောင်း ဘုတ်ပြင်းမြို့က ကားလက်မှတ်ရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။

စက်လှေဖြင့် သွားလာခ တစ်ဦးလျှင် ကျပ်နှစ်သောင်းမှ နှစ်သောင်းခွဲခန့်ပေးရပြီး တစ်ရက်လျှင် စက်လှေဖြင့်သွားလာသူ ၁၀၀ ကျော်ရှိကြောင်း ၎င်းက ပြောဆိုသည်။

“စက်လှေနဲ့ ကူးလာသူတွေလည်းရှိတယ်။ တချို့လည်း အဲဒီမှာပဲ ဆက်နေနေသူတွေလည်းရှိတယ်။ ရက်ကြာလာပြီဆိုတော့ ထမင်းစားဖို့သောက်ဖို့ အခက်အခဲဖြစ်လာသူတွေလည်းရှိတယ်။ ပါလာတဲ့ ပိုက်ဆံတွေလည်း ပြတ်လာကြပြီလေ။ တချို့ လည်း ဘုန်းကြီးကျောင်းက ကျွေးထားတယ်။ ရွာနဲ့နီးတဲ့နေရာမှာဆို ရွာခံတွေက ကျွေးမွေးထားရတယ်” ဟု ဘုတ်ပြင်းက စက်လှေမောင်းနေသူ၏ မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် အနီးဝန်းကျင်က ဒေသခံများလည်း ထွက်ပြေးနေကြရသည်။ လမ်းခရီးတွင် ပိတ်မိနေသည့် ခရီးသည်များမှာ လည်း နေထိုင်စားသောက်ရေးအပြင် သောက်သုံးရေနှင့် ချိုးရေ အပါအဝင် အခက်အခဲများစွာ ကြုံနေရကြောင်း ကားမောင်းသူတိုထံမှ သိရသည်။

1020 တောင်စခန်းမှာ ဧပြီလ ၃၀ ရက်မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး ၉ ရက်ရှိလာပြီဖြစ်သည်။