ကံပေါက်က CDM ဆရာမနှစ်ဦး ထောင်ဒဏ် လေးနှစ်စီချမှတ်ခံရ

0
349
ပုံစာ - ပညာရေးဝန်ထမ်းများပါဝင်သည့် ကံပေါက်သပိတ်စစ်ကြောင်း (ပုံဟောင်း)။ ဓာတ်ပုံ - ကံပေါက်သပိတ်စစ်ကြောင်း။

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက CDM ဆရာမနှစ်ဦး ကို စစ်ကောင်စီက မေလ ၇ ရက် တွင် ထောင်ဒဏ် လေးနှစ်စီချမှတ်လိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း မောရဝတီရေတပ်က ဖမ်းဆီးသွားသည့် CDM ပညာရေးဝန်ထမ်း လေးဦးအနက် ကံပေါက်၊ မဂ္ဂင်ရပ်ကွက်က ဆရာမဒေါ်ယဥ်ယဥ်အေး နှင့် မိကျောင်းအိုင်ရပ်ကွက်က ဆရာမဒေါ်သက်သက်မော်တို့နှစ်ဦးကို ရေဖြူမြို့နယ် တရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း မိသားစုထံမှ သိရသည်။

“အမိန့်ချပြီး ရေဖြူအချုပ်ကနေ ထားဝယ်ထောင်ကို ဒီနေ့ (မေ ၈) ပို့လိုက်တယ်။ အစ်မကတော့ လူငယ်ဆိုတော့ ကျန်းမာရေး သိပ်မထိခိုက်ပေမယ့် ဆရာမ (ဒေါ်ယဥ်ယဥ်အေး) ကတော့ အတော်လေးပိန်သွားတယ်” ဟု ဆရာမ ဒေါ်သက်သက်မော်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆို ထောင်ချခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အတူအဖမ်းခံရသည့် ကျန်ဆရာမ နှစ်ဦးမှာလည်း မတ်လကတည်းက ထားဝယ်ထောင်သို့ ပို့ဆောင်ကာ အမှုစစ်ဆေးခံနေရကြောင်း နီးစပ်သူများထံမှ သိရသည်။

ကံပေါက်ဒေသတွင် ယခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အများစုပြန်လည် လွတ်မြောက်လာကာ မောရဝတီရေတပ်တွင် အဖမ်းခံထားရသူ ခြောက်ဦးနှင့် ထားဝယ်အကျဥ်းထောင်တွင် ငါးဦး စုစုပေါင်း ၁၁ ဦးမှာ ဖမ်းဆီးခံထားရဆဲဖြစ်သည်။

ဒေါ်ယဥ်ယဥ်အေးသည် အထက ကံပေါက်က အလယ်တန်းပြဆရာမဖြစ်ပြီး ဒေါ်သက်သက်မော်သည် အထက ကလိန်အောင်က အထက်တန်းပြဆရာမဖြစ်ကာ နှစ်ဦးစလုံးသည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှား CDM ပါဝင်ထားသူများဖြစ်ကြသည်။