ထားဝယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းပြတ်တောက်မှု ပိုဆိုးလာ

0
291

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများနေသည့် ထားဝယ်ခရိုင်တွင် ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းများလည်း မကြာခဏ ပြတ်တောက်‌နေကြောင်း ဒေသခံအချို့က ပြောသည်။

ထားဝယ်မြို့ပေါ်တွင်ရှိ နေရာအချို့တွင်မူ ဒရုန်းရန်ကို ကာကွယ်ရန် စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းဖြတ်စက် (Jammer) များ တပ်ဆင်ထားသည်။

ထို့ကြောင့် ယခင်ကပင် ထိုနေရာများတွင် ဖုန်းလိုင်းများ ပြတ်တောက်လျက်ရှိသော်လည်း ယခုနောက်ပိုင်းတွင်မူ ယခင်က မပြတ်ဖူးသည့် နေရာအချို့တွင်ပါ ပြတ်တောက်လာကြောင်း မြို့ခံတို့က ပြောဆိုသည်။

အလားတူ အင်တာနက်လိုင်းမှာလည်း ယခင်ကထက် ပြတ်တောက်မှု များလာကြောင်း မြို့ခံတို့က ဆိုသည်။

“မီးက ပျက်ချင်နေတဲ့ကြားထဲမှာ ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ ခဏခဏပြတ်နေတော့အခုဆို ပစ္စည်းမှာထားတဲ့ သူတွေနဲ့ ခဏခဏ ပြဿနာတက်နေရတယ်” ဟု ထားဝယ်မြို့ခံ အွန်လိုင်းဈေးရောင်းသူ မကေသွယ်က ပြောသည်။

နယ်ကျေးရွာတို့တွင်လည်း အလားတူပင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဆိုးဆိုးရွားရွား ပြတ်တောက်လာနေကြောင်း ဒေသခံတို့က ဆိုသည်။

ထိုကဲ့သို့ ဖုန်းနှင့် အင်တာနက်လိုင်း မကြာခဏပြတ်တောက်နေသည်မှာ တစ်လဝန်းကျင်ရှိနေဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ဖုန်းလိုင်းများ ပြတ်တောက်နေခြင်းကြောင့် မီးဘေးအန္တရာယ်၊ အရေးပေါ်လူနာတင်ကားများသို့ ဆက်သွယ်မရသည့် အခက်အခဲများနှင့်ပါ ရင်ဆိုင်လာနေကြရကြောင်း ဒေသခံတို့က ပြော‌ဆိုသည်။

“အရေးအကြောင်းဆိုရင် တစ်ခုမဟုတ် တစ်ခု ဆက်လို့ရအောင် ရှိသမျှဆင်းကတ် အကုန်ဆောင်ထားရတယ်” ဟု လောင်းလုံးမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။

စစ်ရေးတင်းမာနေသည့် ဒေသတို့တွင်လည်း ဖုန်းလိုင်းဆက်သွယ်မရသဖြင့် သတင်းအချက်အလက်ရရှိရန် ခက်ခဲနေကြကြောင်း သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ရှိ ဒေသခံတစ်ဦးက ဆိုသည်။

“စစ်ကြောင်းဝင်ရင် ဖုန်းနဲ့ပဲ တစ်ယောက်နဲ့ တစ်ယောက်အသိပေးနေရတာလေ။ အခုက ဆက်မရတာက များနေတာဆိုတော့ ဘယ်နေရာမှာ ဘာဖြစ်နေမှန်း မသိကြ‌တော့ဘူး။ အဲဒီလိုမျိုးဆို လူတွေက ပိုကြောက်ကြတယ်။ သတင်းတွေကလည်း မျိုးစုံ ထွက်နေတာလေ” ဟု ၎င်းက ပြောသည်။

ထားဝယ်ခရိုင်တွင် လျှပ်စစ် ပြတ်တောက်မှု ဆိုးဆိုးရွားရွားဖြစ်ပေါ်နေသဖြင့် ဖုန်းတာဝါတိုင်သို့ ဓာတ်အားမပေးနိုင်ဘဲ ဖြစ်နေသည်။

နယ်ဖုန်းတာဝါတိုင်များကိုမူ တိုက်ပွဲကြောင့် အရံမီးစက်များမောင်းနှင်ပြီး ဓာတ်အားမပေးနိုင်ဘဲဖြစ်နေကြောင်း ဒေသခံတို့က ပြောဆိုကြသည်။

တိုင်းအတွင်းရှိ ဒေသအချို့တွင်မူ အာဏာသိမ်းပြီးနောက် နှစ်ချီပြီး ဖုန်းလိုင်း အဖြတ်ခံရသည့် ဒေသများလည်းရှိနေသည်။

တနင်္သာရီတိုင်းအပြင် တိုင်းနှင့် ပြည်နယ်တို့ရှိ စစ်ရေးတင်းမာနေသည့် ဒေသများကိုလည်း စစ်ကောင်စီက ဖုန်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်လေ့ရှိသည်။