စစ်ဘေးရှောင်လာသည့် ထားဝယ်အရှေ့တောဒေသခံများကို ထိုင်းအာဏာပိုင်များက ပြန်လွှတ်နေ၍ အခက်ကြုံ

0
294
ပုံစာ - ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းနယ်ခြားစစ်ဆေးရေးဂိတ်

တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း ဗောဓိ(Ban Bong Ti Bon)ဒေသသို့ စစ်ဘေးရှောင်လာရသည့် ထားဝယ်အရှေ့တောဒေသခံများကို ထိုင်းအာဏာပိုင်များက နေရပ်ပြန်ခိုင်းနေကြောင်း စစ်ဘေးရှောင်များနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

အာဏာသိမ်ပြီးနောက်ပိုင်း ထားဝယ်အရှေ့တောဒေသတွင် စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွားလာပြီး ယခုနှစ်ဆန်းပိုင်းတွင် စစ်ကောင်စီတပ်ဘက်က ပိုမိုအထိနာခဲ့သည်။

ယင်းကြောင့် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်ခဲ့သည့်အတွက် ဒေသခံများမှာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးကြရသည်။

ထိုသို့ တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသည့် ထားဝယ်အရှေ့တောဒေသခံများ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ချိန် နယ်စပ်တွင် ထိုင်းအာဏာပိုင်များက ဓာတ်ပုံရိုက်ကာ ဝင်ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

သို့သော်အဆိုပါစစ်ဘေးရှောင်များကို မေလ ၄ ရက်နေ့မှစကာ ထိုင်းနိုင်ငံအတွင်းမှ ထွက်ခွာသွားရန် ထိုင်းအာဏာပိုင်များက ဖိအားပေးနှင်လွှတ်နေကြောင်း စစ်ဘေးရှောင်များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“အခုက ဝင်ဖမ်းမယ်လို့ ပြောတာပေါ့နော်။ အာမခံထားတဲ့လူတွေကို။ မြန်မာပြည်ကနေဝင်လာပြီး နယ်စပ်မှာ ဓာတ်ပုံရိုက်(ခံ)ပြီး ဝင်လာသူတွေကိုပေါ့။ဗောဓိဘက်မှာ တစ်ယောက်မှ ပေးမနေတော့ဘူး” ဟု ၎င်းက ပြောသည်။

ထိုင်းဘက်ခြမ်း ဗောဓိတွင် ထားဝယ်အရှေ့တောဒေသကျေးရွာများဖြစ်သည့် တောင်သုံးလုံး၊ ကျောက်မဲတောင်၊ ပျဉ်းသားတော၊ရွှေချောင်း၊မေတ္တာ စသည့်ကျေးရွာနေသူ ရာပေါင်းများစွာ စစ်ဘေးရှောင်နေကြခြင်းဖြစ်သည်။

အရှေ့တော ဒေသခံအချို့၏ ဆွေမျိုးသားချင်းများတွင် ထိုင်းနိုင်ငံဘက်ခြမ်းတွင် နှစ်ပေါင်းများစွာ နေထိုင်သူများလည်းရှိသည်။

လက်ရှိတွင် စစ်ဘေးရှောင်များ ဝင်ရောက်ခွင့်ရရန် ထိုင်းရပ်ကျေးအုပ်ချုပ်ရေးမှူးများကို အကူအညီတောင်းခံထားသဖြင့် မူလနေသူများကို အာမခံခိုင်းကာ နယ်ခြားဂိတ်တွင် ဓာတ်ပုံအရိုက်ခံပြီး ယာယီခိုလှုံခွင့်ပြုထားခြင်းဖြစ်သည်။

ထိုစစ်ဘေးရှောင်များက ထိုင်းနိုင်ငံဘက်ခြမ်းတွင် နီးစပ်ရာဆွေမျိုးအိမ်တွင် နေထိုင်ကြသကဲ့သို့ အိမ်ငှားပြီး နေသူများလည်း ရှိကြောင်း စစ်ဘေးရှောင်များနှင့် နီးစပ်သူက ဆိုသည်။

အဆိုပါစစ်ဘေးရှောင်များကို စားနပ်ရိက္ခာ အပါအဝင်ပစ္စည်းလာလှူသူများက လှူဒါန်းနေပုံများကို ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက်ပေါ်တင်ကြသည့်အတွက် ခရိုင်အဆင့်ထိုင်းအာဏာပိုင်များ သိရှိသွားပြီး ပြန်ထွက်ခိုင်းခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များနှင့် နီးစပ်သည့် အခြားအမျိုးသားတစ်ဦးက ရှင်းပြသည်။

ထို့အပြင် စစ်ဘေးရှောင်အချို့က ဗောဓိရွာအတွင်း ဆိုင်ကယ်အရှိန်ပြင်းစီးနင်းခြင်း အပါအဝင် ထိုင်းလူမျိုးများ စိတ်အနှောက်အယှက်ဖြစ်စေသည့် လုပ်ရပ်များကြောင့်လည်း အာဏာပိုင်များထံ တိုင်တန်းသည့်ကိစ္စများလည်းရှိကြောင်း အဆိုပါ အမျိုးသားက ဆိုသည်။

“ဗောဓိ(ထိုင်း)က တာဝန်ရှိသူတွေက ပြန်ခိုင်းရင် အကုန်လုံးပြန်ရမှာပဲ။ ကလေးလူကြီးအကုန်ပြန်ရမယ့်သဘောပဲ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ထားဝယ်အရှေ့တောဒေသခံအချို့က မြန်မာနိုင်ငံအတွင်းပြန်ဝင်ကာ ဆင်ဖြူတိုင်ရွာတွင် ပြန်နေကြသည်ဟု သိရပြီး အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ယင်းအမျိုးသားက ဆိုသည်။

ဗောဓိရွာသည် ထိုင်းနိုင်ငံ ကချနာဘူရီခရိုင်းအတွင်းတည်ရှိပြီး မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းကပ်နေသည့် ဒေသတစ်ခုလည်း ဖြစ်သည်။