လောင်းလုံးတွင် ကစားဝိုင်းထောင်လေ့ရှိသူ အမျိုးသားတစ်ဦးပစ်သတ်ခံရ

0
401

လောင်းလုံးမြို့နယ် တောရှည်ရွာတွင် လောင်းကစားဝိုင်းထောင်ကာ ငွေကြေးကောက်ခံလေ့ရှိသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ပစ်သတ်ခံရသူ အသက် ၅၀ ဝန်းကျင်အရွယ်ရှိသည့် တောရှည်ရွာသား ဦးမောင်အေးဆိုသူဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

မေလ ၃ ရက် မွန်းလွဲပိုင်းတွင် တောရှည်ရွာအနီး ပြုလုပ်နေသည့် လောင်းကစားဝိုင်းသို့ လက်နက်ကိုင်လူတစ်စုရောက်လာပြီး ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“သူက လက်ရှိအုပ်ချုပ်ရေးမှူးနဲ့ တတွဲတွဲလည်းဖြစ်တယ်။ စစ်ကောင်စီတပ်နဲ့လည်း အဆက်အဆံရှိတယ်” ဟု ၎င်းက ပြောသည်။

ဦးမောင်အေးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရွှေသောင်ယံတပ်စုက သွားရောက်ရှင်းလင်းခြင်း ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေလ ၇ ရက်တွင် ထုတ်ပြန်သည်။

ဦးမောင်အေးသည် လောင်းကစားဝိုင်းထောင်ကာ စစ်ကောင်စီကို ငွေကြေးထောက်ပံ့သူဖြစ်ပြီး ပျူစောထီးအဖွဲ့အတွက်လည်း အရေးပါသူဖြစ်ကြောင်း ဖော်ပြသည်။

သွားရောက်ရှင်းလင်းချိန်တွင် ဦးမောင်အေးထံမှ ခရမ်းသီး၊ လက်ပစ်ဗုံး၊ ဘောလုံးမီးပန်းနှင့် အခြားအသုံးအဆောင်များ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ဦးမောင်အေးဆိုသူမှာ စစ်ရေးတင်းမာနေသည့်ကာလများတွင် ခလရ ၁၀၄ အတွင်း သွားရောက်နေထိုင်လေ့ရှိပြီး စစ်ကောင်စီတပ်ကလည်း လစာအဖြစ် တစ်လ ကျပ်တစ်သိန်းခွဲ ထုတ်ပေးထားသည်ဟု ထုတ်ပြန်ချက်မှာ ဆိုထားသည်။

အထက်ပါ ထုတ်ပြန်ချက်တွင် ပါဝင်သည့်အချက်များနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။