စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ လောင်းလုံးက အဖွားတစ်ဦးသေဆုံး

0
391

စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လောင်းလုံးမြို့ပေါ်တွင် အဖွားတစ်ဦး ကျည်စထိမှန် သေဆုံးသွားကြောင်း မြို့ခံအချို့ကပြောသည်။

ဧပြီလ ၂၆ ရက် ညနေ ၆ နာရီခန့်တွင် လောင်းလုံးမြို့ ထိန်သစ်ရပ်ကွက်ရှိ အသက် ၈၀ ကျော်အရွယ် ဒေါ်ခင်အေးကို လက်နက်ကြီးကျည်စထိမှန် သေဆုံးသွားခြင်းဖြစ်ကြောင်း မြို့ခံအချို့ကပြောသည်။

“အဲဒီအဖွားဆိုရင် လက်နက်ကြီးက သူ့ဘေးမှာကိုယ်တိုင်ကျတာတဲ့။ ခွေးကတစ်ကောင်သေနေတယ်။ အဲဒီအဖွားနားမှာ” ဟု မြို့ခံတစ်ဦးကပြောသည်။

Dawei Watch ကတွေ့ရှိရသည့် ဓာတ်ပုံထဲတွင် ‌အဖွား၏ နဖူးတည့်တည့်၌ အပေါက်ကြီးတစ်ပေါက်ပေါက်ပြီး သေဆုံးနေသည်ကိုတွေ့ရသည်။

မြို့တွင်းရှိ စစ်ဖက်ရေးရာ ထောက်လှမ်းရေးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ခြင်းမရှိဘဲ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတို့ကပြောသည်။

လတ်တလောတွင် စစ်ကောင်စီတပ်သည် မြို့အစွန်ဘက် လူနေအိမ်များကြားထဲသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု မကြာခဏပြုလုပ်လာကြောင်း မြို့ခံတို့ကဆိုသည်။

ယင်းကြောင့် မြို့အစွန်ရှိ ဒေသခံများမှာ ပြောင်းရွေ့‌နေကြရကြောင်း စုံစမ်းသိရှိရသည်။