မိုးခေါ်ပွဲ ကျင်းပခဲ့သည့် ကော့သောင်းတွင် မိုးရွာ

0
334

ကော့သောင်းမြို့၌ ယနေ့ မေလ ၇ ရက်တွင် မိုးရွာနေကြောင်း မြို့ခံအချို့က ပြောသည်။

နေ့လယ်ပိုင်းတွင် ပထမအကြိမ် မိနစ် ၂၀ ခန့်ကြာ မိုးရွာသွန်းပြီးနောက် တစ်နာရီခန့်အကြာ မိုးတိတ်သွားကြောင်း ၎င်းတို့က ဆိုသည်။ ယခု မွန်းလွဲ ၂ နာရီကျော်တွင် မိုးပြန်ရွာနေကြောင်း ပြောဆိုသည်။

“မိုးရွာလိုက်‌တော့ နေရထိုင်ရတာ အတော်အဆင်ပြေသွားတယ်။ နေ့တိုင်း အင်္ကျီမကပ်နိုင်တာ ဒီနေ့တော့ စွပ်ကျယ် အင်္ကျီလေး ဝတ်ပြီးနေရတယ်” ဟု မြို့ခံတစ်ဦးက ယနေ့ ညနေ ၃ နာရီကျော်တွင် ပြောသည်။

မိုးမှာ သည်းထန်စွာရွာသွန်းခြင်းမျိုးမဟုတ်ဘဲ ပုံမှန်သာ ရွာသွန်းနေကြောင်းလည်း မြို့ခံတို့က ဆိုသည်။

အီကွေတာနှင့် ပိုနီးသည့် ကော့‌သောင်းမြို့မှာ တနင်္သာရီတိုင်းရှိ အခြားမြို့တို့ထက် အပူချိန်ပိုမြင့်မားလေ့ရှိသည်။

သောက်သုံးရေအခက်အခဲမှာလည်း နွေရာသီတိုင်း ကြုံတွေ့ရလေ့ရှိသည်။

ယခုနှစ်တွင်မူ နေ့အပူအချိန်များ ယခင်ကထက် သိသိသာသာ မြင့်တက်နေပြီး ‌သောက်သုံးရေ အခက်အခဲမှာလည်း ပိုဆိုးရွားနေကြောင်း မြို့ခံတို့က ပြောဆိုသည်။

ဧပြီလ ၃၀ ရက်နေ့က ကော့သောင်းမြို့တွင် မိုးခေါ်ပွဲကျင်းပခဲ့သေးသည်။

ထိုမိုးခေါ်ပွဲတွင် သံဃာတော်တို့က ငါးရံ့မင်းပရိတ်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ညနေပိုင်းတွင် ဒေသခံများက လွန်ဆွဲပွဲကျင်းပခဲ့သေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထိုသို့ မိုးခေါ်ပွဲပြုလုပ်ပြီး ၇ ရက်အကြာတွင် ကော့သောင်းမြို့တွင် မိုးရွာသွန်းခြင်းဖြစ်သည်။

တိုင်းအတွင်းရှိ ပြည်သူများမှာ အပူချိန်မြင့်မားနေခြင်း၊ သောက်သုံးရေ ရှားပါးနေခြင်းတို့ကြောင့် မိုးမျှော်နေကြသည်။

တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် မုတ်သုတ်လေ ဝင်ရောက်နေပြီး မုတ်သုတ်ရာသီရောက်လာနိုင်တော့မည်ဟု မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ Facebook Page တွင် ယနေ့ ရေးသားထားသည်။

မွန်၊ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ ရေး၊ မော်လမြိုင်၊ ဘီးလင်း မေလ ၇ ရက်မှ မေလ ၂၀ ရက်အထိ နေ့စဉ်မိုးပုံမှန် ရွာနိုင်ခြေရှိကြောင်းလည်း ဦးဝင်းနိုင်က ရေးသားထားသည်။

တနင်္သာရီတိုင်းတွင် မိုးရွာနိုင်ခြေ ၆၀ မှ ၉၀ ရာနှုန်း ကြား၊ မွန်ပြည်နယ်တွင် ၅၅ ရာနှုန်းမှ ၈၀ ကြားရှိကြောင်းလည်း ဦးဝင်းနိုင်က ဆက်လက် ရေးသားထားသည်။