မဟာချိုင်တွင် ထားဝယ်အမျိုးသမီးနှစ်ဦး အိပ်မက်အရထီထိုးရာမှ ထိုင်းထီ ဘတ် ၁၂ သန်းပေါက်

0
546

ထိုင်းနိုင်ငံ မဟာချိုင်ဒေသတွင် နေထိုင်လုပ်ကိုင်နေသော ထားဝယ်ဒေသခံ အမျိုးသမီးသူငယ်ချင်းနှစ်ဦးသည် မေလ ၂ ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီတွင် အမြင့်ဆုံးဆုဖြစ်သော ပထမဆု နှစ်စောင်တွဲ ဘတ် ၁၂ သန်း ထီပေါက်ကြောင်း AAC မဟာမိတ် အဖွဲ့ထံမှ သိရသည်။

မေလ ၂ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၉၈၀၁၁၆ တွင် ခြောက်လုံးတိုက် ပထမဆု ဘတ် ၆ သန်းကို နှစ်စောင်တွဲ ထိုးထားသဖြင့် ဘတ် ၁၂ သန်း ထီပေါက်ခဲ့ခြင်းဖြစ်သည်။

ထားဝယ် အမျိုးသမီး သူငယ်ချင်းနှစ်ဦး ကုန်တိုက်သွားရင်း အိပ်မက်အရ နောက်ပိတ် ၁၁၆ ပါသော ထီနှစ်စောင်ကို ထိုးခဲ့ရာမှ ဘတ် ၁၂ သန်းအထိ ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ထီဆုငွေထုတ်ရာတွင် ကူညီပေးနေသည့် AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးလှခိုင်က ပြောသည်။

“သူငယ်ချင်း နင်လိုချင်တဲ့ ဂဏန်းရပြီ နှစ်စောင်ဖြစ်နေတယ်၊ ယူမလားဆိုတော့ ငါတစ်စောင်ပဲယူမယ်။ နင်တစ်စောင် ငါတစ်စောင်ယူရအောင်ဆိုတော့ ငါ့မှာပိုက်ဆံမရှိဘူး၊ အခန်းခတွေ ပေးရဦးမယ်ဆိုတော့ ငါစိုက်ထားပေးမယ် နင်ယူမလားမေးတော့ ယူမယ်ဆိုတာနဲ့ ပေါက်တော့ နှစ်ယောက် ခွဲယူကြတယ်” ဟု ဦးလှခိုင်က ပြောဆိုသည်။

ထီလက်မှတ်ကို ရေခဲသေတ္တာပေါ်တင်ပြီး မေ့နေရာ အခန်းသန့်ရှင်းရေးလုပ်စဉ် လက်မှတ်ပြန်တွေ့သဖြင့် တိုက်ကြည့်ရာ နောက်ပိတ် ၃ လုံးတူနေသဖြင့် ထပ်မံသတိပြုတိုက်ကြည့်ရာမှ ပထမဆုပေါက်နေသည်ကို တွေ့ရသည်ဟု ဆိုကြောင်း ၎င်းက ဆိုသည်။

ဘတ် ၁၂ သန်းထီပေါက်သဖြင့် အမျိုးသမီးနှစ်ဦးက တစ်ဦးလျှင် ဘတ် ၆ သန်းစီ ခွဲယူသွားမည်ဖြစ်ကြောင်း ဦီးလှခိုင်က ပြောဆိုသည်။

လက်ရှိတွင် ထီထုတ်ပေးရန် တစ်ဦးက အကူအညီတောင်းခံလာသဖြင့် ဆုငွေထုတ်ပေးပြီးဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

ထီပေါက်သူများသည် မဟာချိုင်ဒေသရှိ ငါးသေတ္တာစက်ရုံတွင် အလုပ်လုပ်ကိုင်သူများဖြစ်ပြီး ထိုင်းရောက်လာသည်မှာ တစ်နှစ်ကျော်ကျော်သာ ရှိသေးကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သောလကလည်း စူရတ်ဌာနီခရိုင်တွင် လုပ်ကိုင်နေသော ထားဝယ်ဇနီးမောင်နှံသည် ဧပြီလ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့ သော ထိုင်းထီတွင် အမြင့်ဆုံးဆုဖြစ်သော ဘတ် ၆ သန်း ကံထူးခဲ့သေးသည်။

ထိုင်းရောက် မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းထီ ဘတ် ၆ သန်းပေါက်ပါက ထီလက်မှတ်စာရွက်တွင် မှင်ဖြင့် ခြစ်ခြင်းများ မပြုလုပ်ရန်နှင့် ဆုငွေမထုတ်မီ လိုင်းပေါ်တင်ခြင်းမျိုး မပြုလုပ်ကြရန် AAC မဟာမိတ်အဖွဲ့က တိုက်တွန်းထားသည်။