ထားဝယ်အထူးစီးပွားရေးဇုန်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို PDF တိုက်ခိုက်ပြီး ရဲစခန်းဟောင်းကို မီးရှို့

0
488

ရေဖြူမြို့နယ် နဘုလယ်‌ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာ၌ လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ဆိပ်ကမ်းလုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို မေလ ၅ ရက် နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်တစ်ခုက သွားရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ထို့သို့ တိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်သည် ရေနက်ဆိပ်ကမ်းဧရိယာတွင် ယခင်က စစ်ကောင်စီ တပ်စွဲနေထိုင်ခဲ့ဖူးသည့် ရဲစခန်းဟောင်းတစ်ခုကို မီးရှို့ခဲ့ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။

“စခန်းဟောင်း မီးရှို့ခဲ့တယ်လို့တော့ပြောတယ်။ (တိုက်ခိုက်တာ) ခဏလေးဆိုတော့ အပြန်အလှန် တိုက်ပွဲဖြစ်တာမျိုး ရှိမရှိတော့ မသိရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ဆိပ်ကမ်းလုံခြုံ‌ရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို A Zero ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ဖွဲ့က မေလ ၆ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ ရဲကင်းစခန်းတစ်ခုကို မီးရှို့ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား များစွာဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ဧပြီလ နောက်ဆုံးပတ်က ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာရှိ ကျေးရွာများကို‌ စစ်ကြောင်းထိုးခဲ့သည်။

စစ်ကြောင်းထိုးစဉ် ဒေသခံများ၏ ဖုန်းများ သိမ်းယူခံရပြီး ရွာသားအချို့ကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်ကာ စစ်ကြောင်း ပြန်ထွက်သွားချိန် ပြန်လွှတ်ပေးခဲ့သည်။