စမတ်ကတ်ရှိမှသာ ကော့သောင်း-ရနောင်း နယ်စပ်ဖြတ်ခွင့်ပေး

0
281
ပုံစာ- ကော့သောင်းတွင် ဇီဝအချက်အလက် စမတ်ကတ်လုပ်နေသူများ။

ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားရာတွင် စစ်ကောင်စီထုတ်ပေးသည့် စမတ်ကတ်ဟုခေါ်သည့် UID ကတ်ရှိမှ သာ နယ်စပ်ဖြတ်သန်းခွင့်ရတော့ကြောင်း ကော့သောင်းမြို့ခံအချို့ထံမှ သိရသည်။

မေလ ၁ ရက်နေ့မှစကာ ယင်းသို့ကန့်သတ်လိုက်ခြင်းဖြစ်ပြီး စမတ်ကတ်ရှိမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP တွင် အထွက်တုံး ထုပေးခြင်းနှင့် TBP လက်မှတ် ထုတ်ပေးတော့ကြောင်း မြို့ခံများက ပြောသည်။

BP ဆိုသည်မှာ ၂ နှစ်သက်တမ်းရှိ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ၁၄ ရက်နေထိုင်ခွင့်ရှိကာ ကော့သောင်း အိမ်ထောင်စုရှိသူများကို ထုတ်ပေးထားသည်။

TBP ဆိုသည်မှာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ၇ ရက် နေထိုင်ခွင့်ရှိသည်။

အဆိုပါ TBPလက်မှတ်လုပ်ရာတွင် ယခင်က မှတ်ပုံတင်ရှိရုံဖြင့် ပြုလုပ်နိုင်သော်လည်း မေလ ၁ ရက်နေ့မှစကာ စမတ်ကတ်ရှိမှသာ ထုတ်ပေးတော့ကြောင်း ကော့သောင်းမြို့ခံတစ်ဦးက ဆိုသည်။

“မှတ်ပုံတင် မပြလည်းရတယ်။ စမတ်ကတ်ပြလိုက်ရင် ရပြီ။ မှတ်ပုံတင်ပြပြီး သွားနေရာက စမတ်ကတ်ဖြစ်သွားတာပေါ့” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက ထိုကဲ့သို့ ကန့်သတ်လိုက်သဖြင့် ဇီဝဆိုင်ရာအချက်အလက် စမတ်ကတ်လုပ်သူများပြားနေပြီး ရက်အတန်ကြာ စောင့်ဆိုင်းနေရကြောင်း ကော့သောင်းမြို့ခံတစ်ဦးက ပြောဆိုသည်။

UID ဟုခေါ်သည့် စမတ်ကတ်မှာ မျက်လုံး၊ လက်ဗွေ အစရှိသည့် ဇီဝဆိုင်ရာ အချက်အလက်များကို တစ်ဦးချင်းအလိုက် မှတ်တမ်းတင် သိမ်းဆည်းထားခြင်းဖြစ်သည်။

လက်ရှိတွင် အဏ္ဏဝါရပ်ကွက်ရှိ ခန်းမတွင် တစ်ရက်လျှင် လူဦးရေ ၂၀၀ နှုန်းဖြင့် စမတ်ကတ်လုပ်ပေးနေသည်ဟု သိရသော်လည်း တန်းစီနေသူက ၅၀၀ ခန့်ရှိကြောင်း ၎င်းက ဆိုသည်။

စမတ်ကတ်လုပ်ရန်အတွက် ငွေကြေးတစ်စုံတစ်ရာ မပေးရသော်လည်း တန်းစီစောင့်ဆိုင်ရချိန် များသည့်အတွက် အမြန်လိုသူများက ပွဲစားများဖြင့် ချိတ်ဆက်လုပ်ဆောင်နေကြကြောင်း အဆိုပါ မြို့ခံက ပြောဆိုသည်။

“အဓိကကတော့ ထိုင်းမှာနေတဲ့သူတွေ လာလုပ်ကြတာများတယ်” ဟု အထက်ပါ မြို့ခံက ဆိုသည်။

TBP သို့မဟုတ် BP ဖြင့် ထိုင်းနိုင်ငံ ရနောင်းမြို့တွင် နေထိုင်သူအများစု သက်တမ်းတိုးရန်အတွက် ကော့သောင်းဘက် ပြန်ထွက်ရလေ့ရှိသည်။

ထိုသူများက ထိုင်းဘက်ပြန်ဝင်မည်ဆိုပါက စမတ်ကတ်ကို မဖြစ်မနေ လုပ်နေရခြင်းဖြစ်သည်။

ကော့သောင်းမှ ရနောင်းသို့ BP စာအုပ်ဖြင့်ဝင်ပါက တုံးထုခအနေဖြင့် မြန်မာငွေကျပ် ၅၀၀ နှင့် ထိုင်းဘက်တွက် ဘတ် ၅၀ ပေးဆောင်ရကြောင်း မြို့ခံအချို့ထံမှ သိရသည်။

TBP လက်မှတ်လုပ်ပါက မြန်မာဘက်ခြမ်းတွင် ငွေကျပ် ၁၅၀၀ ပေးဆောင်ရပြီး ထိုင်းဘက်တွက် ဘတ် ၅၀ ပေးဆောင်ရသည်။

ကော့သောင်း-ရနောင်းသွားရန်အတွက် ပဲ့ချိတ်ခမှာ တစ်ဦးလျှင် ဘတ် ၁၀၀ ကျသင့်မည်ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် ၎င်းကို ဆန့်ကျင်နေသည့် ပြည်သူများကို ဖိနှိပ်ထိန်းချုပ်ရန် ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူပြီး စမတ်ကတ်ထုတ်ပေးနေခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြထားသည်။

အများပြည်သူ၏ ဇီဝဆိုင်ရာ အချက်အလက်များကို အသုံးပြုရန်အတွက် ဦးစွာ ဥပဒေပြဌာန်းရမည်ဖြစ်ပြီး ဥပဒေနှင့်အညီသာ ဇီဝဆိုင်ရာအချက်အလက်များကို အသုံးပြုရမည်ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။

မြန်မာနိုင်ငံတွင်မူ ဥပဒေမရှိသဖြင့် စစ်ကောင်စီအနေဖြင့် ပြည်သူများ၏ ဇီဝဆိုင်ရာ အချက်အလက်များကို အသုံးပြုပြီး လူ့အခွင့်အရေးချိုးဖောက်မှုများရှိလာနိုင်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က သတိပေးထားသည်။

မေလ ၁ ရက်မှ စတင်ကာ စမတ်ကတ်ရှိမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ဧပြီလ ၅ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။