မောင်မယ်ရှောင် ဘုရားမဲစစ်ဆေးရေးဂိတ်တွင် တပ်လာစွဲသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

0
477

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ ဘုရားမဲစစ်ဆေးရေးဂိတ်တွင် တပ်စွဲရန်လာသည့် စစ်ကောင်စီတပ် ယနေ့ မေလ ၂ရက် နံနက်တွင် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်ကညာ အခြေစိုက် စစ်ကောင်စီတပ်က စစ်ကောင်စီတပ်သားများသည် မေလ ၁ ရက်နေ့ ညနေပိုင်းတွင် မောင်မယ်ရှောင်ရွာအနီး ဘုရားမဲစစ်ဆေးရေးဂိတ်တွင် လာရောက်တပ်စွဲနေထိုင်ကြောင်း ဒေသခံတို့က ပြောသည်။

ယင်းတပ်ကို ယနေ့ နံနက် ၆ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက စစ်ဆေးရေးဂိတ်၏ အရှေ့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“မနေ့ညနေကတည်းက စစ်သားတွေက တစ်ဖက်သတ်ပစ်နေတာ။ ဒီနေ့ မနက်မှ နှစ်ဖက်ပစ်တာ” ဟု ၎င်းက ပြောသည်။

နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေချိန်တွင် ဇဟာရွာအခြေစိုက်စစ်ကောင်စီ၏ အမြောက်တပ်ရင်းကလည်း လက်နက်ကြီးများ ဖြင့် ပစ်ခတ်စစ်ကူပေးလာသည့်အတွက်ကြောင့် ဒေသခံအချို့မှာ ဘေးလွတ်ရာသို့ ထွက်ပြေးကြရကြောင်း ဒေသခံများက ပြောဆိုသည်။

မတ်လကုန်ပိုင်းကလည်း မောင်မယ်ရှောင်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းတိုင်ပွဲ ဖြစ်ပွားနေစဉ် လက်နက်ကြီး ကျည်ကျရောက်မှုကြောင့် နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့သေးသည်။