တစ်ကိုယ်တော်ဆန္ဒပြသည့် သပိတ်အဖွဲ့ဝင်တစ်ဦးကို ပကဖ တပ်စုတစ်ခုက တားဆီး

0
357

လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် တစ်ကိုယ်တော်ဆန္ဒပြသည့် သပိတ်အဖွဲ့ဝင်တစ်ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ လက်အောက်ရှိ တပ်စုတစ်ခုက တားဆီးခြိမ်းခြောက်ကြောင်း စုံစမ်းသိရှိရသည်။

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုရဲသည် လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မေလ ၁ ရက်က စစ်အာဏာရှင် အလိုမရှိကြောင်း တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။ (လုံခြုံရေးအရ ကျေးရွာအမည်ကို မဖော်ပြခြင်း ဖြစ်ပါသည်)

ရွာထဲတွင် ဆိုင်ကယ်ဖြင့် ဆန္ဒထုတ်‌ဖော်နေချိန် ၅ မိနစ်ခန့်အကြာတွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အောက်ရှိ ရွှေသောင်ယံတပ်စု (ဇုန်-၁) က တပ်ဖွဲ့ဝင်အချို့ ရောက်လာပြီး သပိတ်မထွက်ရန် တားဆီးခဲ့ကြောင်း ကိုရဲက ‌Dawei Watch ကို ပြောသည်။

“နင်ဒီလိုရွာမှာ ဆန္ဒဆက်ပြနေမယ်ဆိုရင် ဒီရွာကို (စစ်ကောင်စီတပ်က) မီးလာရှို့လိမ့်မယ်ပေါ့။ အဲဒီလိုသဘောမျိုး ပြောပြီးလာတားတာ” ဟု ၎င်းက ပြောဆိုသည်။

တစ်ကိုယ်တော်ဆန္ဒပြမည့် ကိုရဲနောက်တွင် ဝန်းရံလိုက်ပါရန် ပြင်ဆင်နေသည့် ဒေသခံအချို့မှာလည်း လက်နက်ကိုင် တော်လှန်ရေးအဖွဲ့က ထိုကဲ့သို့ လာရောက်တားမြစ်သဖြင့် ဆက်မလိုက်ရဲတော့ကြောင်း ကိုရဲက ဆိုသည်။

ထို့နောက် ကိုရဲမှာ ဆန္ဒပြမည့်အစီအစဉ်အား ဖျက်သိမ်းပြီးပြန်လှည့်လာခဲ့ရသည်ဟု ဆိုသည်။

ထိုနေ့ညတွင်ပင် ကိုရဲ နေထိုင်သည့်နေအိမ်သို့ လက်နက်ကိုင်ဆောင်ထားသည့် ပကဖ လက်အောက်ရှိ ဇုန် ၁ က တပ်ဖွဲ့ဝင်များ လာရောက်ရှာဖွေခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ကိုရဲမှာ ကြိုတင်တိမ်းရှောင်နေသဖြင့် လွတ်မြောက်သွားခဲ့သော်လည်း အခြားသပိတ်ကော်မတီဝင် အမျိုးသမီးတို့ နေထိုင်သည့် အိမ်သို့ လက်နက်ကိုင်တပ်ဖွဲ့က သွားရောက်ခဲ့ပြီး နောက်တစ်ကြိမ် သပိတ်မထွက်ရန်၊ ကိုရဲအား ဖွက်ထားပါက ထုတ်ပေးရန် ခြိမ်းခြောက်ခဲ့ကြောင်း ကိုရဲက ဆက်လက်ပြောဆိုသည်။

လောင်းလုံးပကဖ ပြန်ကြားရေးတာဝန်ခံကမူ စစ်အာဏာရှင်အား တစ်ကိုယ်တော်ဆန္ဒပြသည့်ရွာအနီးတွင် စစ်ကောင်စီရေတပ် ရှိနေခြင်း၊ ပျူစောထီးအဖွဲ့ဝင်တို့ ရှိနေခြင်းကြောင့် သတင်းပေါက်ကြားပြီး ရွာကို စစ်ကောင်စီတပ်က ရွာကို ဒုက္ခပေးမည်စိုးသောကြောင့် ကောင်းကောင်းမွန်မွန်ဖြင့် တားဆီးခြင်းသာဖြစ်ကြောင်း ပြောသည်။

ယင်းအပြင် တစ်ကိုယ်တော်ဆန္ဒပြသူ ကိုရဲ၏နေအိမ်တွင် လာရောက်ရှာဖွေခြင်းမှာလည်း အသက်အန္တရာယ်ခြိမ်းခြောက်လိုခြင်း မဟုတ်ကြောင်း ပြောဆိုသည်။

အဓိကက နေအိမ်မှာသူ့ကိုသွားရှာတယ်ဆိုတာက ရန်ရှာဖို့သွားတာမဟုတ်ဘူး။ နောက်တစ်ကြိမ်မလုပ်ဖို့ကို သွားညှိဖို့သွားတာ” ဟု လောင်းလုံးပကဖ ပြန်ကြားရေးတာဝန်ခံ ကိုရှဲးကဆိုသည်။

ကိုရဲကမူ စစ်အာဏာရှင်အား သပိတ်မှောက်ဆန္ဒပြသည်ကို စစ်အာဏာရှင်အား‌ လက်နက်ကိုင်တော်လှန်နေသည့်အဖွဲ့က တားမြစ်၊ ခြိမ်းခြောက်သည်မှာ မဖြစ်သင့်ကြောင်း ဆိုသည်။

ဆန္ဒပြသဖြင့် စစ်ကောင်စီတပ်က ရွာမီးရှို့မည်ဆိုသော လက်နက်ကိုင်အဖွဲ့၏ အကြောင်းပြချက်မှာလည်း ခိုင်လုံမှု မရှိကြောင်း ၎င်းကဆိုသည်။

လက်နက်ကိုင် (တော်လှန်ရေး) အဖွဲ့ ရွာထဲမှာရှိနေတာနဲ့ ဆန္ဒပြတာနဲ့ ရွာကိုမီးလာရှို့နိုင်ခြေ ဘယ်ကပိုများလည်းဆိုတာ စဉ်းစားဖို့ပဲ ကျွန်တော်ပြန်ပြောလိုက်တယ်” ဟု ကိုရဲကဆိုသည်။

လက်ရှိတွင် တကိုယ်တော်ဆန္ဒပြခဲ့သည့် ထားဝယ်သပိတ်ကော်မတီဝင်ကိုရဲမှာ တိမ်းရှောင်နေဆဲဖြစ်သည်။

ကိုရဲမှာ ရွာရှိ ကလေးများကို စာသင်ပေးနေသူလည်းဖြစ်ရာ လတ်တလော တွင်မူ ၎င်းတွင် အသက်အန္တရာယ်ရှိနေသဖြင့် ကလေးများကို စာသင်ပေးနိုင်ခြင်းမရှိတော့ဘဲ အသက်အန္တာရာယ်မပေးကြောင်း ပကဖအဖွဲ့က အာမခံမှ ရွာပြန်လာနိုင်မည်ဖြစ်ကြောင်း ပြောသည်။

(မှတ်ချက် – လောင်းလုံးပကဖ ပြန်ကြားရေးတာဝန်ခံ၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)