သရက်ချောင်း၊ ပဲဒက်စခန်းကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေတို့ဖြင့် ခုခံတိုက်ခိုက်

0
706

သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံနေရသဖြင့် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေတို့ဖြင့် ပြန်လည်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

ပဲဒက်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်များက မေလ ၅ရက် နံနက် ၇နာရီခန့်တွင် စတင်ဝင်ရောက်တိုက်ခိုက်‌ပြီးနောက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်။

ယနေ့ မေလ ၇ ရက်အထိ သုံးရက်ဆက်တိုက် စစ်ကောင်စီဘက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး မေလ ၆ရက်တွင် ရေတပ်စစ်သင်္ဘောကိုလည်း အသုံးပြုတိုက်ခိုက်လာကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်သည့် တပ်ဖွဲ့ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လေယာဉ်က မနေ့က လေးခေါက်လာတယ်။ ပတ်ပတ်ပြီးတော့ လာကြဲသွားတယ်။ ဒီနေ့မနက်လည်း တစ်ခါလာကြဲသွား ပြီးပြီ။ ပဲဒက်စခန်းပတ်ချာလည်ကိုပဲ ကြဲတာ၊ ရေတပ် စစ်သင်္ဘောကလည်း ပဲဒက်စခန်းပတ်ပတ်လည်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။

ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်းသွားသည့် ပြည်ထောင်စုလမ်းပေါ်တွင်ရှိသည့် ပဲဒက်ရွာက စစ်ကောင်စီစခန်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင် ၄၀ ကျော်ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

နှစ်ဖက်တိုက်ပွဲ သုံးရက်ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က K8W ဂျက်ဖိုက်တာ၊ Mi-2 ရဟတ်ယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

မေလ ၆ ရက်က ပဲဝရွာ ပင်လယ်ဝကိုရောက်ရှိလာသည့် စစ်ကောင်စီ ရေတပ်စစ်သင်္ဘောကလည်း တော်လှန်ရေးတပ်ဖွဲ့ များ ရှိနိုင်သည် ယူဆချက်ဖြင့် ပဲဒက်ရွာစခန်း ပတ်ဝန်းကျင်ကို လက်နက်ကြီးနှင့် ပစ်ခတ်နေကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါ စစ်သင်္ဘောက လှေငယ်နှစ်စီးဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်သားများကို ပူးပေါင်းတပ်ဖွဲ့ဝင်များက RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အထက်ပါပူးပေါင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူက ပြောဆိုသည်။

“ပဲဒက်စခန်းက သရက်ချောင်းမြို့နယ်မှာဆို အချက်အချာကျတယ်။ ဒီစခန်းက ရေကြောင်းလည်း ပေါက်တယ်။ ပုလောနဲ့ ပဲဒက်နဲ့ဆိုလည်း သိပ်မဝေးဘူးလေ။ ပဲဒက်စခန်းကနေ ပုလောထိကို ကျွန်တော်တို့ နယ်မြေစိုးမိုးထားတယ်။ ဒါကြောင့် သူတို့လည်း ပဲဒက်စခန်းကို အသေကာကွယ်နေတယ်” ဟု ၎င်းက ပြောသည်။

ပဲဒက်ကျေးရွာအနီး ကျောက်ဆည်ရွာက ပျူစောထီးတပ်ဖွဲ့များနေထိုင်သည့်နေအိမ်များကိုလည်း ပူးပေါင်းတပ်ဖွဲ့က မေလ ၅ရက်နှင့် ၆ရက်တို့တွင် ဝင်ရောက်စီးနင်း တိုက်ခိုက်မှုခဲ့ကြောင်း ၎င်းက ဆိုသည်။

ကျောက်ဆည်ရွာက ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်မှုတွင် ပျူစောထီးနှစ်ဦးသေဆုံးပြီး သုံးဦးလက်နက်ချကာ သေနတ် ၁၁လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အထက်ပါတပ်ဖွဲ့ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

ပဲဒက်စခန်းသည် ပုလောမြို့နယ်နှင့် ဆက်သွယ်သွားလာရာတွင် အရေးပါသည့် ပြည်ထောင်စုလမ်းမပေါ်တည်ရှိပြီး ယင်းလမ်းကြောင်းကို နယ်မြေစိုးမိုးထားနိုင်မှသာ စစ်ရေးဆောင်ရွက်ချက်များ ပိုမိုမြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း KNU တပ်မဟာ (၄) ၊ တပ်ရင်း (၁၂) မှ တပ်ခွဲမှူးတစ်ဦးက ပြောသည်။

“စစ်ရေးအရ အရေးကြီးတယ်လေ။ ဒီစခန်းမရှိရင် ပုလောနဲ့ ကျွန်တော်တို့အလွယ်တကူ အချိန်မီ စစ်ကူသွားလို့ ရပြီ။ ပဲဒက်စခန်း မရှိရင် ဝင်းဝလည်း အလိုလိုကျပြီ။ ကျောက်ဆည်လည်း လက်နက်ချကုန်ပြီ။ ပဲဒက်စခန်း တိုက်ပွဲ မပြီးသေးလို့ မထုတ်ပြန်တာပါ” ဟု ၎င်းက ပြောဆိုသည်။

ပဲဒက်စခန်း တိုက်ပွဲတွင် နှစ်ဖက်စလုံးတွင် ထိခိုက်မှုရှိသည်ဟု ကြားသိရကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပဲဒက်၊ ပိတောက်ကြီး၊ တံခွန်တိုင်၊ ကျေက်ဆည်စသည့် တိုက်ပွဲဖြစ်ပွား သည့် နေရာအနီးကျေးရွာများက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ထားဝယ်-မြိတ် သွားကားလမ်းတွင် ကားများ ပိတ်နေသည်မှာ သုံးရက်ရှိနေပြီဖြစ်သည်။