မြိတ်မြို့တွင် ခိုးမှု၊ လုယက်မှုများဖြစ်နေ

0
262

မြိတ်မြို့တွင် ယခုလပိုင်းအတွင်း ခိုးမှု၊ လုယက်မှုများဖြစ်ပွားနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် မြို့ခံတို့က ပြောသည်။

မြိတ်မြို့တွင် နေအိမ်ပေါ်တက်ပြီး ဖုန်း၊ ငွေသား ခိုးယူမှုများဖြစ်ပွားနေသလို ဆိုင်ကယ်စီးသွားလာစဉ် လုယက်ခံရမှုလည်း ရှိနေကြောင်း ၎င်းတို့က ဆိုသည်။

မြိုတ်မြို့ ကန်ဖျားရပ်ကွက်တွင် မေလ ၆ရက် ညနေ ၇နာရီခန့်က အမျိုးသမီးနှစ်ဦး ဆိုင်ကယ်စီးလာစဉ် လုယက်ခံရကြောင်း လုယက်ခံရသည့် ကာယကံရှင်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

လူငယ်အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ဘေးချင်းကပ်လိုက်လာပြီး ဆိုင်ကယ် လက်ကိုင်အောက်တွင်ရှိသော ပစ္စည်းထည့်သည့် ဘောက်တွင်ထည့်ထားသည့် ဖုန်းကို လုယူသွားကြောင်း ၎င်းက ဆိုသည်။

“သတိတော့ထားမိတယ်။ လမ်းကွေ့တစ်ခုနားရောက်တော့ သူတို့လည်း နီးနီးကပ်ကပ် ကွေ့လာပြီး ဖုန်းကို လုတာ၊ ကျွန်မတို့လည်း ပြန်လုသေးတယ်။ ဒါပေမဲ့ အမျိုးသမီးတွေဆိုတော့ ရန်လုပ်နေမှာ ကြောက်လို့ လျှော့ပေးလိုက်ရတယ်။ လမ်းသွားလမ်းလာတွေလည်း ကူညီပြီး လိုက်ပေးသေးတယ်။ ဒါပေမဲ့ မမီတော့ဘူး” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

လမ်းတွင် သွားလာရာတွင် အထူးသဖြင့် အမျိုးသမီးများ ပိုမိုသတိထားရန် လိုအပ်ကြောင်း ၎င်းက အကြံပြုသည်။

“ကိုယ်လည်း သတိတော့ထားပေမယ့် သတိလွတ်သွားတဲ့အချိန်မှာ ဖြစ်သွားတယ်။ နောက်ပိုသတိထားရမှာပေါ့လေ။ ရုတ်တရက်ဆိုတော့ လန့်သွားတယ်။ အဓိကက မိန်းခလေးတွေ ပိုင်ဆံအိတ် ဖုန်း ဆိုင်ကယ်ရှေ့မှာ ထားတာမျိုး လက်ကိုင်အိတ် ဘေးတိုက်လွယ်တာမျိုး မလုပ်ဖို့လိုတယ်ပေါ့နော်” ဟု ၎င်းက ပြောဆိုသည်။

‌မေလ ၅ရက် နံနက် ‌၄ နာရီကျော်ကလည်း မြိတ်မြို့ ထားဝယ်ကမ်း ၁ ရပ်ကွက်၊ သုခလမ်းရှိ နေအိမ်တစ်ဆောင်တွင် ဖုန်းများ အခိုးခံရကြောင်း အဆိုပါမိသားစုဝင်များထံမှ သိရသည်။

‌တစ်အိမ်သားလုံး အိမ်မောကျနေချိန်တွင် သူခိုးက အိမ်ရှေ့ဝရံတာမှ နေအိမ်ပေါ် တက်ပြီး ဖုန်းသုံးလုံးကို ခိုးယူသွားကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“အမေနဲ့ အစ်မ နိုးလာလို့ အော်လိုက်မှ ဝရံတာကနေ ဆင်းပြေးသွားတယ်။ ကျွန်တော်တို့ ပြောင်းမလာခင်ကလည်း ကျွန်တော်တို့ အိမ်အနားမှာ (ခိုးတာ) နှစ်ကြိမ်လောက်ဖြစ်ဖူးတယ်လို့ ကြားရတယ်” ဟု ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လကလည်း မြိတ်မြို့ ရွှေပြည်တန်ရပ်ကွက်၊ သစ္စာလမ်းရှိ နေအိမ်တစ်လုံးတွင် ဖုန်းလေးလုံးနှင့် ငွေသား ရှစ်သိန်းကျော် အခိုးခံလိုက်ရသလို လူငယ်အမျိုးသားတစ်ဦးမှာလည်း ဓားထောက်လုယက်ခံလိုက်ရသေးကြောင်း မြို့ခံအချို့ ထံမှ သိရသည်။

အာဏာသိမ်းပြီးနောက် တစ်နှစ်ခန့်ကစပြီး မြိတ်မြို့တွင် ခိုးမှု၊ လုယက်မှု ခပ်စိပ်စိပ်ဖြစ်လာကြောင်း မြို့ခံတို့က ပြောသည်။

ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် အခြေခံလူတန်းစားများ စားဝတ်နေရေး ကျပ်တည်းလာသောကြောင့် ခိုးမှု၊ လုယက်မှုများ များလာခြင်းဖြစ်ကြောင်း မြို့ခံတို့က ပြောဆိုသည်။