ထားဝယ်တွင် ပွဲစားဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ပါက အွန်လိုင်း ရက်ချိန်းယူရန်မလိုဟုဆို

0
324

ထားဝယ်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ပွဲစားဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားပါက အွန်လိုင်းရက်ချိန်းယူရန် မလိုအပ်ကြောင်း စုံစမ်းသိရှိရသည်။

ထားဝယ်မြို့အပါအဝင် မြို့ကြီးအားလုံးတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားမည်ဆိုပါက အွန်လိုင်းမှတစ်ဆင့် ကြိုတင်ရက်ချိန်းယူရမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။ ယင်းအစီစဉ်မှာ မေလ ၂ ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

ထားဝယ်မြို့တွင်မူ နိုင်ငံကူးလက်မှတ်လျှောက်ပေးသည့် ပွဲစားများမှာ အွန်လိုင်းမှ ရက်ချိန်းယူရန် မလိုအပ်ကြောင်း ဒေသတွင်း ပွဲစားလောကထံမှသိရသည်။

“ကျွန်တော်တို့လို ဝန်ဆောင်မှုလုပ်တဲ့သူတွေကတော့ အွန်လိုင်းကနေ မလုပ်လည်းရသေးတယ်။ သူတို့ဖွင့်ပေးထားသေးတယ်ပေါ့။ ဖောင်စာရွက်မှာဖြည့်ပြီး ရုံးမှာသွားတင်ပြီး ရက်ချိန်းယူရင် ဒီနေ့ယူ မနက်ဖြန်ရတယ်” ဟု အမည်မဖော်လိုသည့် ပွဲစားတစ်ဦးကဆိုသည်။

ပွဲစားမပါဘဲ သာမန်ပြည်သူတစ်ဦးချင်အနေဖြင့် လျှောက်ထားမည်ဆိုပါက မဖြစ်မနေ အွန်လိုင်းမှတစ်ဆင့် ကြိုတင်ရက်ချိန်းယူရကြောင်း ကိုယ်တိုင်လျှောက်ထားဖူးသူတို့ကဆိုသည်။

“ထားဝယ်မှာက ရန်ကုန်လိုတော့မဟုတ်ဘူး။ (ရန်ကုန်မှာလို) လချီပြီးစောင့်စရာမလိုဘူး။ (အွန်လိုင်းကနေ) ဒီနေ့လျှောက်ရင် မနက်ဖြန် ဆို(ရက်ချိန်း)ရပြီ” ဟု ထားဝယ်မြို့ခံတစ်ဦးကဆိုသည်။

နိုင်ငံကူးလက်မှတ်ကို ကိုယ်တိုင်လျှောက်ထားပါက ကျပ်နှစ်သိန်းဝန်းကျင်ကုန်ကျပြီး ပွဲစားဖြင့်လျှောက်ထားပါက ၂၃၀၀၀၀ ကျပ်မှ ၃၀၀၀၀၀ ကျပ်အထိ ဈေးအမျိုးမျိုးရှိကြောင်း ပွဲစားလောကထံမှ သိရသည်။

အများစုမှာ အွန်လိုင်းမှ မလျှောက်တတ်ခြင်း၊ အတွေ့အကြုံမရှိသဖြင့် မှားယွင်းမှုဖြစ်မည်ကို စိုးရိမ်ကြခြင်းတို့ကြောင့် ကိုယ်တိုင်မလျှောက်ကြဘဲ ပွဲစားဖြင့်လျှောက်နေကြသည်ကို တွေ့ရကြောင်း အထက်ပါ ထားဝယ်မြို့ခံကဆိုသည်။

“အွန်လိုင်းကလျှောက်ရတာမှာ (အင်တာနက်)လိုင်းမကောင်းတာနဲ့၊ လိုင်းပြတ်တာနဲ့ အဲဒါပဲအခက်အခဲရှိတယ်” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီက အဓမ္မစစ်မှုထမ်းဥပဒေ အတည်ပြုလိုက်ပြီးနောက်ပိုင်း ထားဝယ်မြို့တွင် နိုင်ငံကူးလက်မှတ်လျှောက်ထားသူ အလွန်များပြားသဖြင့် တန်းစီတိုးဝှေ့နေကြရသော်လည်း လက်ရှိတွင်မူ လျှောက်ထားသူနည်းပါးလာပြီဖြစ်ကြောင်း ပွဲစားအချို့က ပြောသည်။