ထားဝယ်မြို့ ကညုံရပ်ကွက်တွင် အဟောင်းပစ္စည်းဆိုင် မီးလောင်

0
535
ပုံစာ - ယနေ့ မေ ၆ ရက် ညပိုင်းတွင် ကညုံရပ်ကွက်က အဟောင်းပစ္စည်းဆိုင်မီးလောင်မှု။

ထားဝယ်မြို့၊ ကညုံရပ်ကွက်၊ သီတာလမ်း၌ ယနေ့ မေလ ၆ ရက် ညပိုင်းတွင် အဟောင်း အဟောင်းပစ္စည်းဆိုင်ဖွင့်ထားသည့် နေအိမ်တစ်လုံးမီးလောင်ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

“အဟောင်းပစ္စည်း (သံတိုသံစ) တွေ ရောင်းတဲ့ဆိုင် မီးလောင်တာပါ။ တစ်အိမ်ပဲ လောင်တယ်။ မီးသတ်ကားတွေရော၊ ရေကားတွေရော အများကြီးရောက်နေတယ်” ဟု မီးလောင်ပြင်အနီးရောက်ရှိခဲ့သည့် ကညုံရပ်ကွက်နေသူ အမျိုးသားတစ်ဦး က ပြောသည်။

ည ၇ နာရီ ၁၅ ခန့်တွင် မီးစတင်လောင်ကျွမ်းပြီး မိနစ် ၃၀ အကြာတွင် မီးထိန်းနိုင်ကြောင်း ၎င်းက ဆိုသည်။

ဆေးလိပ် မီးကြွင်းမီးကျန်မှ စတင်၍ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

“မီးငြိမ်းတာကတော့ကြာပါပြီ။ မီးကြွင်းမီးကျန်လေးတွေတော့ ဆက်ငြှိမ်းနေဆဲပါ” ဟု ခရိုင်မီးသတ်ဦးစီးမှူးက ပြောသည်။

မီးလောင်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ၎င်းက ဆိုသည်။

ဧပြီ ၂၆ ရက်ကလည်း ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် ဘူတာရုံအနီး လယ်ကွင်းပြင်တွင် မီးလောင်ခဲ့သေးသည်။