တနင်္သာရီမြို့နယ်တွင် PDF နှစ်ဦးနှင့် ဆေးတပ်သားတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

0
823

တနင်္သာရီမြို့နယ် ဘန်းပြည့်နှင့် သိန္ဒေါရွာတို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ဆေးတပ်သားတစ်ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များ၏ တာဝန်ရှိသူတို့က အတည်ပြုသည်။

ဘန်းပြည့်ရွာတွင် မေလ ၃ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါတပ်ဖွဲ့ဝင်နှစ်ဦးမှာ မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း – ၁ တွင် ပါဝင်သည့် ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဘန်းပြည့်ရွာက နေအိမ်တစ်အိမ်တွင် ခေတ္တဝင်နားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စစ်ကောင်စီ တပ်စစ်ကြောင်းက ဝင်ဝိုင်းသဖြင့် PDF နှစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

“သူတို့နှစ်ယောက်ကိုတော့ ဝင်ဝိုင်းတဲ့အချိန်မှာ အရှင်မိသွားတာပေါ့။ ကျန်တဲ့လူတွေကတော့ ပစ်ခတ်ပြီးတော့ လွတ်မြောက် သွားတယ်။ ညှင်းပန်းနှိပ်စက်ပြီးမှ ခေါင်းဖြတ် သတ်ဖြတ်ထားတယ်လို့ ယူဆရတယ်။ ဘာလို့လဲဆိုတော့ ခြေတွေလက်တွေ မှာလည်း ဒဏ်ရာတွေရှိတယ်။ မီးတွေလည်း ရှို့ထားတယ်။ အရည်ခွံ ခွာထားတာတွေလည်း တွေ့တယ်” ဟု ၎င်းက ပြောသည်။

PDF ရဲဘော်နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်သွားသည့် စစ်ကောင်စီတပ်စစ်ကြောင်းမှာ မြိတ်အခြေစိုက် ခလရ ၁၀၁ တပ်ရင်းမှ ဖြစ်ပြီး သိန္ဒေါရွာစခန်းသို့ စစ်ကူလာခြင်းဖြစ်ကြောင်း မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းက မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။

ယင်းအပြင် မေလ ၄ ရက်နေ့ကလည်း ရှေ့တန်းရှိ ရဲဘော်များကို ဆေးကုပေးရန်သွားသည့် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ က ဆေးတပ်သား ကိုနေလုံးမှာ စစ်ကောင်စီတပ်စစ်ကြောင်းနှင့်တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း အဆိုပါစစ်ကြောင်း-၂ ၏ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

ဧပြီလ ၂၂ ရက်တွင် သိန္ဒေါရွာစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ရန်ပြင်ဆင်နေချိန် စစ်ကောင်စီတပ်က သိန္ဒေါ၊ သူဌေးရွာ၊ ဘန်းပြည့်ရွာတစ်ဝိုက်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဧပြီလ ၂၃ ရက်ကစပြီး ယနေ့အထိ စစ်ကောင်စီတပ်စခန်းရှိရာ သိန္ဒေါရွာနှင့် ဘန်းပြည့်ရွာ၊ သူဌေးရွာ၊ ကျွဲထိန်းကုန်းရွာတို့ ဘက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဧပြီလ နောက်ဆုံးအပတ်တွင် Mi-2 ရဟတ်ယာဉ်၊ K8W ဂျက်တိုက်လေယာဉ်တို့ဖြင့် နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေကြောင်း တော်လှန်ရေးအဖွဲ့များနှင့် ဒေသခံတို့ထံမှ သိရသည်။

အလားတူ တနင်္သာရီ-ဘုတ်ပြင်းနယ်စပ် ၁၀၂၀ တောင်တွင်လည်း ဧပြီလ ၃၀ ရက်ကစပြီး ယနေ့ မေလ ၆ရက်အထိ စစ်ကောင်စီတပ်နှင့် KNLA / မဟာမိတ်ပူးပေါင်းစစ်ကြောင်းတို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး မေလ ၂ ရက်၊ ၃ ရက်၊ ၆ ရက်နေ့တို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် မြိတ်-ထားဝယ်-ရန်ကုန် အတက်အဆင်းကားများ လမ်းကြောင်းတွင် ပိတ်မိနေပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် အနီးဝန်းကျင် ကျေးရွာတို့က ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။