ထားဝယ်မြို့ DDPC ဈေးဝယ်စင်တာအနီး ကား၊ ဆိုင်များကို ဖမ်းဆီးဒဏ်ရိုက်မှုဆက်တိုက်လုပ်

0
398

ထားဝယ်မြို့ DDPC ဈေးဝယ်စင်တာအနီးတွင် ဖြတ်သန်းသွားလာသည့် ကား၊ ဆိုင်ကယ်များကို ဖမ်းဆီးဒဏ်ရိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

DDPC ဈေးဝယ်စင်တာမှာ လောင်းလုံးမြို့နယ်မှ ထားဝယ်မြို့ထဲသို့ဝင်သည့် ကမြောကင်းလမ်းနှင့် ကမ်းနားလမ်းထောင့်တွင် ရှိသည်။

ကမြောကင်းတံတားသစ်မှ ထားဝယ်မြို့သို့လာသည့် ခရီးသွားကား၊ ဆိုင်ကယ်များသည် DDPC လမ်းဆုံမီးပွိုင့်တွင် မီးနီ မစောင့်ဘဲ ညာဘက်ယာဉ်ကြောဖြစ်သည့် ကမ်းနားလမ်းဘက်သို့ မြေနီမြေကွက်လပ်မှ ချိုးဝင်မည်ဆိုပါက အဖမ်းခံရမည် ဖြစ်ကြောင်း လွန်ခဲ့သည့် တစ်ပတ်လောက်က ဖမ်းဆီးဒဏ်ရိုက်ခံရဖူးသူတစ်ဦးက ပြောသည်။

“မီးပွိုင့်ကနေ သွားမဝိုက်နေတော့ဘူး။ အရင်က ဖြတ်နေကြအတိုင်းဖြတ်တာ။ အဲဒီမှာ ယာဉ်ထိန်းရဲက ကားထဲကနေ ရုတ်တရက် ထွက်လာပြီး ဖမ်းတာ။ သုံးသောင်း ပေးလိုက်ရတယ်” ဟု အဖမ်းခံရဖူးသူတစ်ဦးက ပြောသည်။

ထိုနေရာတွင် ယာဉ်ထိန်းရဲများက အမြဲတမ်းလိုလို အသင့်စောင့်ပြီး ဖမ်းဆီး ဒဏ်ရိုက်ခြင်းများ ရှိလာသည့်အတွက် သတိထားရန်လိုအပ်ကြောင်း မြို့ခံများက ပြောသည်။

“အဲဒီနေရာက ကားတစ်စီးစာတောင် လွတ်နေတယ်။ ဝင်မ‌ရ‌အောင် တားထားတာလည်း မဟုတ်တော့ ခရီးသွား တွေက အလွယ်တကူပဲ ဝင်ကြတာပဲ။ ဝင်လိုက်တာနဲ့ အဲဒီမှာ ရုတ်တရက် ယာဉ်ထိန်းရဲထွက်လာပြီး ဖမ်းတာ လူတွေက သတိမထားမိဘူး။ သပ်သပ် ခွင်ဆင်ထားတာမျိုး ဖြစ်‌နေတယ်။ ဖြတ်လို့ မရရင် ပိတ်ထားရမှာလေ၊ အခုက အဲဒီနေရာလေးပဲ ဟ ပေးထားတာ” ဟု ဒေသခံခရီးသွားတစ်ဦးက ပြောဆိုသည်။

အဆိုပါ မြေနီ မြေကွက်လပ်မှ ဖြတ်မောင်း၍ စစ်ဆေးခံရပါက မော်တော်ယာဉ် ‌သက်သေခံလက်မှတ်၊ လိုင်စင် အပြည့်အစုံပါမပါ စစ်ဆေးပြီး ပါလျှင်လည်း အဆိုပါမြေနီလမ်းဖြတ်သန်းမှုအတွက် ဒဏ်ရိုက်ခံရကြောင်း ဖမ်းဆီးခံရဖူးသည့် ဒေသခံ ခရီးသွားများက ဆိုသည်။

ယခင်က လောင်းလုံးမြို့နယ်မှ ထားဝယ်မြို့သို့ သွားရောက်သည့်လမ်းသည် ကမြောကင်းလမ်းမကြီးတစ်ခုသာရှိသည်။

၂၀၂၃ ခုနှစ်တွင် ကမြောကင်းတံတား တည်ဆောက်ပြီးသည့်နောက် ကမြောကင်းလမ်းမကြီး နှစ်ခုအပြိုင်ရှိလာပြီး လမ်းဆုံ တိုင်းတွင်လည်း မီးပွိုင့်များ တပ်ဆင်ထားသည်။