ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့ရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့ရုံး မီးလောင်ပျက်စီး

0
334
Photo - MSF Myanmar ပုံစာ - ဧပြီလ ၁၅ ရက်က မီးလောင်ပျက်စီးသွားသည့် ဘူးသီးတောင်မြို့နယ်က MSF ရုံး ကို တွေ့ရစဉ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့ရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF ရုံးနှင့် ဆေးထားသိုသည့်နေရာ ဧပြီလ ၁၅ရက်က မီးလောင်ပျက်စီးသွားကြောင်း MSF က ထုတ်ပြန်သည်။

ဝန်ထမ်းများ ထိခိုက်မှု မရှိခဲ့သော်လည်း ဆေးပစ္စည်းများနှင့် ရုံးသုံးပစ္စည်းများ အားလုံးပျက်စီးခဲ့ရပြီး အသက် (၅) နှစ်အောက် ကလေးငယ်များတွင် အဓိကဖြစ်ပွားတတ်သည့် အဆုတ်ရောင်ရောဂါနှင့် ဖျားနာခြင်းများကို ကုသရာတွင် အရေးပါသည့် အသက်ကယ် ပဋိဇီဝဆေးများလည်း ပါဝင်သွားကြောင်း ဖော်ပြသည်။

ဧပြီလ ၁၂ ရက်မှစတင်၍ ဘူးသီးတောင်မြို့နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုများ မြင့်တက်လာပြီးနောက် နေအိမ်နှစ်ရာကျော် မီးလောင်ကျွမ်းရာတွင် MSF ရုံးလည်း မီးလောင်ပျက်စီးသွားခြင်းဖြစ်ကြောင်း ဆိုသည်။

MSF ရုံးတည်ရှိရာနေရာနှင့် အနီးတစ်ဝိုက်နေရာများတွင် အကြမ်းဖက်မှုများကြောင့် ထောင်နှင့်ချီသော ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်းလည်း MSF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

MSF ရုံး မီးလောင်ပျက်စီးခြင်းသည် ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်းများ နည်းပါးလာခြင်း နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ရယူနိုင်ခွင့်ကို ငြင်းဆိုခံထားရသည့်လူထုအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ရပ်ဖြစ်ကြောင်း ဆိုသည်။

အကြမ်းဖက်မှု ဖြစ်ပွားသည့် အကြောင်းအရင်းနှင့် မည်သူတို့ကြောင့် မီးလောင်ပျက်စီးရသည်ကိုမူ MSF က ထုတ်ဖော်ပြောဆိုထားခြင်း မတွေ့ရပေ။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေအရ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ အဆောက်အအုံ များကို အကာအကွယ်ပေးရမည့် တာဝန်ဝတ္တရားကို လေးစားလိုက်နာရန် ပဋိပက္ခအတွင်း ပါဝင်နေသောအဖွဲ့များအား တိုက်တွန်းကြောင်း MSF က ဆိုသည်။

ဘူးသီးတောင်ရှိ MSF ရုံးကို ဆေးဝါးဖြည့်တင်းကာ ပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ၂၀၂၃ နိုဝင်ဘာလမှစတင်ကာ ပြည်နယ်အတွင်း ပိတ်ပင်ထားသည့် လူသားချင်းစာနထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ပြန်လည်ဆောင်ရွက် ခွင့်ပြုရန်လည်း အာဏာပိုင်များကို MSF က တိုက်တွန်းထားသည်။