တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
505

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဧပြီ ၂၁ ရက်မှ ၂၇ ရက်နေ့အထိ

မြဝတီကနေ KNU ပြန်လည်ဆုတ်ခွာ

မြဝတီမှာ တိုက်ပွဲတွေပြင်းထန်နေချိန် KNLA ဘက်က ရုတ်တရက် နောက်ဆုတ်သွားတာကြောင့် မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို ဗိုလ်မှူးကြီးစောချစ်သူရဲ့ နယ်ခြားစောင့်တပ် BGF အကူအညီနဲ့ စစ်ကောင်စီက ပြန်လည်ရယူသွားပါတယ်။

ခလရ ၂၇၅ ကနေ စခန်းစွန့်ထွက်ပြေးပြီး ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက ဧပြီလ ၁၉ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ အပြင်းအထန် ပြန်လည်တိုက်ခိုက်ပါတယ်။ တိုက်ပွဲပြင်းထန်တာကြောင့် ဒေသခံ သုံးထောင်ကျော် ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြသလို ဆယ်ဂဏန်းနီးပါး ထိခိုက်သေဆုံးခဲ့ပါတယ်။ အဲဒီလို တိုက်ပွဲ ပြင်းထန်နေချိန် ဧပြီလ ၂၁ ရက်နေ့မှာ KNLA ဘက်က မြဝတီကနေ ဆုတ်ခွာသွားတာကြောင့် တိုက်ပွဲရပ်သွားပါတယ်။

အဲဒီနောက် BGF အကူအညီနဲ့ စစ်ကောင်စီတပ်ဟာ ခလရ ၂၇၅မှာ တပ်နေရာပြန်ယူသွားနိုင်တာကြောင့် KNU ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကရင်ခေါင်းဆောင်တွေနဲ့ စစ်ကောင်စီညှိနှိုင်းပြီး တိုက်ပွဲရပ်တာလို့ သတင်းတွေထွက်ပေါ်တဲ့အပေါ် KNU ဘက်က ငြင်းဆိုပါတယ်။ စစ်ကောင်စီရဲ့ အကွက်ထဲမရောက်အောင် ယာယီဆုတ်ခွာပေးလိုက်တာလို့ တုံ့ပြန်ထားပါ တယ်။

မြဝတီမှာ BGF က လုံခြုံရေးယူထားပြီး ဧပြီလ ၂၆ ရက်အထိ ပစ်ခတ်သံတွေ ကြားနေရဆဲဖြစ်ပါတယ်။

……………………………………..

စစ်မှုထမ်းဥပဒေကြောင့် လူငယ် သိန်းဂဏန်းနေရပ်စွန့်ဖို့ကြိုးပမ်း

ပုံစာ – စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် ပြည်ပထွက်ဖို့ ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးမှာ ဗီဇာရယူဖို့ တန်းစီနေသူတွေ (ပုံဟောင်း)

အဓမ္မစစ်သားစုဆောင်းဖို့ ကြံရွယ်အသက်သွင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေကြောင့် နယ်ရပ်စွန့်ဖို့ ကြိုးပမ်းတဲ့ လူငယ်တစ်သိန်းထက်မနည်း ရှိနေတယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ ဖိနှိပ်ချုပ်ခြယ်တာ၊ တရားမဲ့ ဖမ်းဆီးနှိပ်စက်တာ၊ အခွင့်အလမ်း ပျောက်ဆုံးတာတွေကြောင့် လူငယ်တွေ ပြည်ပ ထွက်ခွာနေကြချိန် စစ်မှုထမ်းဥပဒေကြောင့် အရင်ကထက် အလုံးအရင်းနဲ့ ထွက်ခွာမှုမြင့်တက်သွားတယ်လို့ ဆိုပါတယ်။ စစ်မှုထမ်းဂယက်ကြောင့် တော်လှန်ရေးအဖွဲ့တွေဆီ ခိုလှုံတာ၊ ပြည်ပထွက်တာတွေ လုပ်လာကြတာပါ။

စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၁ ကို ဧပြီလမှာစတင်ခဲ့ပြီး သင်တန်းကျောင်း ၁၅ခုမှာ လူ ငါးထောင်ကို စုဆောင်း သင်တန်းပေးခဲ့တယ်လို့ဆိုပါတယ်။ အပတ်စဉ် ၂ အတွက်လည်း စစ်ကောင်စီက စာရင်းကောက်ယူတာတွေ လုပ်ဆောင်နေပါပြီ။ တိုင်းနဲ့ ပြည်နယ်တချို့မှာဆိုရင် လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်တာ၊ အဓမ္မခေါ်ဆောင်တာတွေ လုပ်နေတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ြပပါတယ်။

……………………………………..

ကိုးကန့်အဖွဲ့ သေဒဏ်စီရင်မှု ဥရောပသမဂ္ဂ အပြင်းအထန်ရှုတ်ချ   

လောက်ကိုင်မြို့ကို ထိန်းချုပ်ပြီးနောက်ပိုင်း ကိုးကန့်တပ် MNDAA က သေဒဏ်စီရင်မှုကို ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပြီး အဲဒီလုပ်ရပ်အပေါ် ဥရောပသမဂ္ဂကတော့အပြင်းထန်ဆုံးကန့်ကွက်ရှုတ်ချထားပါတယ်။

ကိုးကန့်တပ်ဟာ သူ့တပ်ဖွဲ့ဝင် ၁၀ဦးကို ဧပြီလ ၂၄ရက်နေ့က လူထုရှေ့မှာ ပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်။ အဲဒီအထဲမှာ ခရိုင် အတွင်းရေးမှူးတစ်ဦးနဲ့ တပ်သားနှစ်ဦးကို သေဒဏ်ချပြီး ဒုတပ်ရင်းမှူးနှစ်ဦးအပါအဝင်ခုနစ်ဦးကိုတော့ ထောင်ဒဏ်ချခဲ့တာပါ။ အာဏာအလွဲသုံးစားလုပ်တာ၊ ပြန်ပေးဆွဲတာ၊ သတ်ဖြတ်တာ၊ ငွေညှစ်တာ၊ လူကုန်ကူးတာ၊ စစ်လက်နက်တွေ ခိုးရောင်းတာ စတဲ့ ပြစ်မှုတွေကြောင့် သေဒဏ်ချတာကို ကိုးကန့်တပ်က ဆိုပါတယ်။

သေဒဏ်ချမှတ်ခံရသူတွေကို ကိုးကန့်တပ်ရဲ့ လက်နက်ကိုင်စစ်သားတွေက တောင်တစ်လုံး အနီးသို့ ခေါ်ဆောင်သွားပြီး သေနတ်သံတွေနဲ့ အဆုံးသတ်ထားတဲ့ ရုပ်သံမှတ်တမ်းကို ကိုးကန့်တပ်ရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ဥရောပသမဂ္ဂကတော့ သေဒဏ်စီရင်မှုကို ဘယ်လိုအခြေအနေမျိုးမှာမဆို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ဆန့်ကျင် တယ်လို့ ထုတ်ပြန်ပါတယ်။ သေဒဏ်ဟာ လူမဆန်တဲ့ ယုတ်ညံ့တဲ့ ပြစ်ဒဏ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာကို အဆုံးစွန်သော ငြင်းပယ် မှုလို့ ဆိုပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးမှာ မြင့်မားတဲ့ နိုင်ငံတကာစံနှုန်းများနဲ့အညီ တရားဥပဒေစိုးမိုးရေး ထိန်းသိမ်း တာကို အဓိက ကြိုးပမ်းသင့်တယ်လို့လည်း ပြောပါတယ်။

……………………………………..

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ကရင် BGF ခေါင်းဆောင်တွေ ပတ်သက်တယ်လို့ USIP ဖော်ပြ

ပုံစာ – ဗိုလ်မှူးကြီး စောချစ်သူ

ထိုင်း-မြန်မာနယ်စပ် မြဝတီက တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းတွေနဲ့ ကရင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့တွေက ပုဂ္ဂိုလ်တချို့ ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) က ဧပြီလ ၂၂ရက်နေ့မှာ ဖော်ပြတဲ့ ဆောင်းပါးတစ်ရပ်မှာ အခုလို ဖော်ထုတ်ရေးသားထားတာပါ။ တရုတ် အရေးယူမှုကြောင့် ကျားဖြန့်လုပ်ငန်းတွေက ကရင်ပြည်နယ်ထဲ ရွှေ့လာတယ်လို့ ဆိုပါတယ်။

ငွေလိမ်လုပ်ငန်းတွေ လုပ်နိုင်ဖို့နေရာနဲ့ လုံခြုံရေးပေးပြီး ကာကွယ်ထားတဲ့အပြင် လုပ်ငန်းလည်ပတ်ဖို့ အင်တာနက်၊ လျှပ်စစ်မီး ပံ့ပိုးရာမှာ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ သူရဲ့ လက်အောက်ခံ ဒုဗိုလ်မှူးကြီး မုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းတို့ ပါဝင်နေတယ်လို့ ဖော်ပြပါတယ်။

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားအဖွဲ့ (DKBA) က ဗိုလ်မှူးချုပ် စိုင်းကျော်လှလည်း အွန်လိုင်းငွေလိမ်လုပ်ငန်း တွေမှာ အဓိက ပါဝင်နေသလို  ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ကာကွယ်ရေးဌာနမှူးဟောင်း စောရော်ဂျာခင်လည်း ငွေလိမ်တဲ့ စီမံကိန်းတစ်ခုမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒီဖော်ပြချက်တွေနဲ့ ပတ်သက်လို့ ကာယကံရှင်တွေဘက်က ပြန်လည် တုံ့ပြန်တာမျိုး မတွေ့ရသေးပါဘူး။

……………………………………..

ဘင်္ဂလားဒေ့ရှ်နယ်စပ်က မြို့နယ်နှစ်ခု AA ညမထွက်ရအမိန့်ထုတ်

ပုံစာ – AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေကို ရက္ခိုင့်တပ်တော် (AA) က ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

ဧပြီလ ၂၆ရက်နေ့ကနေစပြီး ည ၇ နာရီကနေ နံနက် ၆နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်တာပါ။ မောင်တော၊ ဘူးသီးတောင်၊ အမ်းနဲ့ သံတွဲမြို့တွေမှာ တိုက်ပွဲနေ့စဉ် ဖြစ်ပွားနေပြီး ဘူးသီးတောင်မှာတော့ ပိုမိုပြင်းထန်နေတယ်လို့ ဆိုပါတယ်။ အဲဒီလို တိုက်ပွဲပြင်းထန်နေချိန်မှာ စစ်ကောင်စီက ဘူးသီးတောင်၊ မောင်တောဒေသမှာ မတူညီတဲ့ လူအဖွဲ့ အစည်း တွေကြား ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေ ဖြစ်အောင် လုပ်နေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီက မွတ်ဆလင်တွေကို စစ်သင်တန်းပေးပြီး တိုက်ပွဲတွေမှာ သုံးတာ၊ ARSA၊ ARA၊ RSO စတဲ့ မွတ်ဆလင် အဖွဲ့တွေ ကို လက်နက်တပ်ဆင်တာ၊ မွတ်ဆလင်မဟုတ်တဲ့ တခြားပြည်သူတွေပိုင်တဲ့ နေအိမ်တွေကို မီးရှို့တာ၊ ဖောက်ထွင်းခိုးယူ တာတွေ လုပ်နေတာကြောင့် ညမထွက်ရအမိန့်ထုတ်ရတာလို့ AA က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း စစ်ကောင်စီက နိုင်ငံရေးလှည့်ကွက်တွေသုံးပြီး ရခိုင်မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်အောင်လုပ်နေတာကြောင့် သတိထားကျော်ဖြတ်ကြဖို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ ဘူးသီးတောင်၊‌ မောင်တောဒေသမှာ ပဋိပက္ခဖြစ်အောင် AA ကပဲ လုပ်နေတာဖြစ်တယ်လို့ တုံ့ပြန်ထား သလို မွတ်ဆလင်တွေကို စစ်သင်တန်းပေးတာ၊ လက်နက်တပ်ဆင်တာ၊ မီးရှို့တာတွေကိုလည်း ငြင်းဆိုထားပါတယ်။

ညမထွက်ရအမိန့်ထုတ်တာဟာ ဒေသတွင်း ရိုဟင်ဂျာတွေအတွက် အလွန်အန္တရာယ်ဖြစ်စေတယ်လို့လည်း ရိုဟင်ဂျာအရေး လှုပ်ရှားသူအချို့က ထောက်ပြကြပါတယ်။

……………………………………..

KNU နှင့် IEC ထုတ်ပြန်ချက် သတင်းသမားလုံခြုံမှုနဲ့ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေ

ပုံစာ – ၂၀၂၁ ခုနှစ်က ရန်ကုန်မှာ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲ သတင်းယူနေတဲ့ သတင်းသမားတစ်ဦး။

ကရင်အမျိုးသားအစည်းအရုံး KNUနဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ မီဒီယာဆိုင်ရာထုတ်ပြန်ချက်တွေ ဟာ သတင်းသမားတွေရဲ့ လုံခြုံရေးနဲ့ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေတယ်လို့ သတင်းမီဒီယာအဖွဲ့တွေက တုံ့ပြန်ပါတယ်။

KNU က ထုတ်ပြန်တဲ့ သတင်းမီဒီယာ မူဝါဒမှာ သတင်းယူမယ်ဆိုရင် ခွင့်ပြုချက် ကြိုတင်တောင်းခံဖို့၊ ရုပ်သံ၊ ဓာတ်ပုံတွေကို စစ်ဆေးဖို့ တောင်းခံလာရင် ပြသပေးရမယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် အဖွဲ့အစည်းရဲ့ လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို မထိခိုက်စေရဘူးလို့လည်း တားမြစ်ထားပါတယ်။

IEC ကတော့ မီဒီယာကျင့်ဝတ်ဆိုင်ရာညွှန်ကြားချက်ဆိုပြီးထုတ်ပြန်တာပါ။ သတင်းယူခွင့်၊ နေထိုင်ခွင့်တွေအတွက် အဆင့် ဆင့် ခွင့်ပြုချက်ယူရမှာဖြစ်သလို သတင်းမီဒီယာယူနီဖောင်းလည်း ဝတ်ရမယ်လို့ ဆိုပါတယ်။ IEC သတ်မှတ်ထားတဲ့ မီဒီယာ ကျင့်ဝတ်ကို ကျော်လွန်ခဲ့ရင် သက်ဆိုင်ရာသတင်းဌာနဟာ IEC ရဲ့ ခေါ်ယူစေ့စပ်ညှိနှိုင်းတာကို ခံယူရမယ်လို့လည်း ဆိုပါတယ်။

KNU နဲ့ IEC ရဲ့ ထုတ်ပြန်ချက်မှာပါတဲ့ အချက်အလက်တွေဟာ သတင်းသမားတွေရဲ့ လုံခြုံရေးနဲ့ လွတ်လပ်ခွင့်ကို ခြိမ်းခြောက် နေတာလို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံးနဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီတွေက သီးခြားစီ တုံ့ပြန်ထားကြပါတယ်။

သတင်းလွတ်လပ်ခွင့်အပေါ် ပြင်းထန်တဲ့ ကန့်သတ်ချုပ်ချယ်မှုတွေလုပ်ဖို့ လုပ်ဆောင်တာဖြစ်သလို လုံခြုံရေးအကြောင်းပြပြီး မီဒီယာကို ထိန်းချုပ်ကန့်သတ်ထားတဲ့ အာဏာသိမ်း စစ်အုပ်စုနဲ့ အလားသဏ္ဍာန်တူနေတယ်လို့လည်း ထောက်ပြဝေဖန်မှုတွေ ရှိနေပါတယ်။

……………………………………..