မောင်မယ်ရှောင်ရွာထဲသို့ လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်ခတ်ခံရ

0
460

သမိုင်းဝင် ရှင်ကိုးရှင်စာရင်းဝင် ရှင်ဓာတ်ဝဲဘုရားရှိသည့် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအတွင်းသို့ မေလ ၉ ရက်ညက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခံရကြောင်း ဒေသခံများက ပြောသည်။

ဇာဟာရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ်ရင်းက ည ၉ နာရီခန့်ကစပြီး လက်နက်ကြီးဖြင့် ခြောက်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

လက်နက်ကြီး ကျည်များမှာ မောင်မယ်ရှောင်ရွာ၏ အရှေ့ပိုင်း၊ အနောက်ပိုင်း နေရာအနှံ့သို့ ကျရောက်ပေါက်ကွဲကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

နေအိမ်တစ်လုံး ကျည်ထိမှန်ပျက်ထိပျက်စီးကာ နွားတစ်ကောင်လည်း သေဆုံးကြောင်း ၎င်းတို့က ပြောဆိုသည်။

“မနဲကုန်း (အရပ်) မှာ အိမ်ပေါ်ကျတယ်။ လူက ပထမ တစ်လုံး (ပစ်) ကတည်းက အိမ်အောက်ဆင်းနေလို့ လွတ်သွားတာ။ နွားတစ်ကောင်လည်း သေတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ်လကလည်း စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်သောကြောင့် ရှင်ဓာတ်ဝဲဘုရား၏ သာသနိက အဆောက်အအုံများ၊ ဘုန်းကြီးကျောင်းထဲက ကျောင်းဆောင်တစ်ဆောင်၊ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးပြီး ဒေသခံပြည်သူနှစ်ဦးလည်း ဒဏ်ရာရခဲ့သည်။

မောင်မယ်ရှောင်ရွာ အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွား လေ့ရှိပြီး စစ်ကောင်စီတပ်ကလည်း မောင်မယ်ရှောင်ရွာကို လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိကြောင်း ဒေသခံတို့ က ပြောသည်။

ထို့ကြောင့် ဒေသခံချို့မှာ နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်ကြရကြောင်း ၎င်းတို့က ဆိုသည်။