တနင်္သာရီက အမျိုးသမီးစစ်ရှောင်များ မိုးတွင်းအတွက် လစဉ်သုံးနှင့် အတွင်းခံများ အကူအညီလို

0
316
ပုံစာ - တနင်္သာရီမြို့နယ်က အမျိုးသမီး စစ်ဘေးရှောင်များ။ ဓာတ်ပုံ - နွေဦးမေတ္တာ

တနင်္သာရီမြို့နယ်ရှိ အမျိုးသမီးစစ်ဘေးရှောင်များ လာမည့် မိုးတွင်းအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ အတွင်းခံများနှင့် အခြားအသုံးအဆောင်ပစ္စည်းများ အကူအညီလိုအပ်နေကြောင်း နွေဦးမေတ္တာ – စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သောနှစ် မိုးရာသီအတွင်းက အမျိုးသမီးစစ်ဘေးရှောင်ဒုက္ခသည်များသည် လစဉ်သုံးပစ္စည်းများ၊ အတွင်းခံနှင့် အခြား အဝတ်အထည်ပစ္စည်းများ လုံလောက်မှု မရှိခဲ့သဖြင့် ကျန်းမာရေးပြဿနာများစွာ ကြုံတွေ့ခဲ့ရကြောင်း အထက်ပါအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“မိုးတွင်းဆို အတွင်းခံတွေ မလုံလောက်ဘူး။ လျှော်ပြီး လှန်းထားတယ်။ ပြီးတော့ မခြောက်ဘူး။ ရေစိုနေသေးတယ်ဆိုတော့ အချိန်မရွေး မှိုတွေ တက်လာနိုင်တယ်လေ။ အဲဒီကနေမှ အမျိုးသမီးကိုယ်ထဲ ဝင်ပြီး ယားယံတာတွေ ဖြစ်လာတာများတယ်” ဟု နွေဦးမေတ္တာအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

နောက်ဆက်တွဲအနေဖြင့် မိန်းမကိုယ် ယားယံခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းများ ပိုမိုဖြစ်လာကြကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိတွင် မြို့နယ်အတွင်း ရက်ရှည်တိုက်ပွဲဖြစ်လာမှုကြောင့် စစ်ဘေးရှောင်အမျိုးသမီးများ ပိုမိုများပြားလာမှုနှင့်အတူ မိုးရွာသွန်းမှု အစပြုလာပြီဖြစ်သဖြင့် လစဉ်သုံးပစ္စည်းများနှင့် အတွင်းခံများ လိုအပ်ချက် ပိုများလာနေကြောင်း အဖွဲ့ထံမှ သိရသည်။

“အချို့နေရာတွေမှာဆို ရှိတောင်မရှိကြဘူး။ တအား ပင်ပန်းကြတယ်၊ နေနေကြတာ။ အတွင်းခံတွေ မသန့်ရင် ကိုယ်အင်္ဂါ ကနေ တစ်ဆင့် သားအိမ်ထဲ ရောဂါပိုးတွေ အချိန်မရွေးရောက်လာနိုင်တယ်။ ဒါတွေကို ပြင်ပက အဖွဲ့တွေကို သိအောင် ပြောပြချင်တယ်။ အမျိုးသမီးငယ်တွေမှာ အရမ်းလိုအပ်နေတယ်ဆိုတာမျိုး” ဟု နွေဦးမေတ္တာအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မိုးရာသီရောက်လျှင် ပုံမှန် ဖြစ်နေကျဖြစ်သော ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါများအတွက်လည်း ဆေးဝါးများ မလုံလောက်သဖြင့် ကူညီလှူဒါန်းပေးကြရန် ၎င်းက တိုက်တွန်းထားသည်။

လက်ရှိ တနင်္သာရီမြို့နယ်အတွင်း နွေဦးမေတ္တာ – စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ကူညီပေးနေသော စစ်ဘေးရှောင် အရေအတွက် ၂၇၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သော ဧပြီလက တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက် တစ်သောင်းကျော်အထိ ရှိခဲ့ပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေဆဲဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။

မြိတ်ခရိုင်ထဲရှိ စစ်ဘေးရှောင်ဒုက္ခသည်များကို ခုနစ်စင်ကြယ်အဖွဲ့၊ နွေဦးမေတ္တာ-စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့ ၊ နွေဦး စစ်ရှောင်ကူညီရေးအဖွဲ့နှင့် တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့ စသော စစ်ဘေးရှောင်ကူညီရေးအဖွဲ့များက ကူညီ ဆောင်ရွက်ပေးနေကြသည်။