တနင်္သာရီ၊ သရက်ချောင်း၊ လောင်းလုံး တိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် ကိုးဦးသေဆုံး

0
961
ပုံစာ - မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ။

တနင်္သာရီမြို့နယ် သိန္ဒောစစ်ကောင်စီစခန်း၊ သရက်ချောင်းမြို့နယ် ပဲဒက်စစ်ကောင်စီစခန်း၊ လောင်းလုံးမြို့ထဲရှိ စစ်ကောင်စီစခန်းတို့ကို တိုက်ခိုက်သည့် တိုက်ပွဲတို့တွင် တော်လှန်ရေးတပ်များဘက်က ကိုးဦးသေဆုံးကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များထံမှ သိရသည်။

တနင်္သာရီမြို့နယ် သိန္ဒောရွာရှိ စစ်ကောင်စီစခန်းကို ဧပြီလ ၂၃ ရက်မှ မေလ ၈ ရက်အထိ ၁၆ ရက်အကြာ တိုက်ခိုက်သည့် တိုက်ပွဲအတွင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း (၁) က တပ်ဖွဲ့ဝင် လေးဦး သေဆုံးကြောင်း အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားသည်။

မစိုးရိမ်ရသည့် ဒဏ်ရာရရှိသူလည်း ခုနစ်ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ကောင်စီဘက်ကလည်း အယောက် ၂၀ ကျော် သေဆုံးပြီးဒဏ်ရာရသူ အများအပြားရှိကြောင်းလည်း ဖော်ပြသည်။

သရက်ချောင်းမြို့နယ် ပဲဒက်စစ်ကောင်စီစခန်းနှင့် ကျောက်ဆည်ပျူစောထီးစခန်းသိမ်းတိုက်ပွဲတွင်မူ တော်လှန်ရေး တပ်ဘက်က နှစ်ဦးသေဆုံးပြီး ခြောက်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။

မေလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ လေးရက်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီစခန်းနှင့် ပျူစခန်းအား သိမ်းဆည်းနိုင်ခဲ့သည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးပြီး ၂၆ ဦး အရှင်ဖမ်းမိခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်တို့ဘက်က သတင်းထုတ်ပြန်ထားသည်။

လောင်းလုံးမြို့နယ်၌မူ မေလ ၉ ရက်နေ့ နံနက်ပိုင်းတွင် မြို့ထဲတပ်စွဲထားသည့် စစ်ကောင်စီစခန်းနှင့် စမ်း‌လှမ်းတောင်ပေါ်ရှိ စစ်ကောင်စီစခန်းတို့အား ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က တစ်ချိန်တည်း တိုက်ခိုက်ခဲ့သည်။

နေ့ထက်ဝက်မျှကြာသည့် အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် အနည်းဆုံး သုံးဦး သေဆုံးပြီး ဒဏ်ရာရသူဆယ်ချီရှိကြောင်း ပြည်သူ့ကာကွယ်ရေး သတင်းအရင်းအမြစ်အချို့ထံက သိရသည်။

စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကိုမူ မသိရသေးပေ။

အထက်ပါတိုက်ပွဲသုံးပွဲအတွင်း စစ်ကောင်စီတပ်ဘက် လေကြောင်း၊ ‌ရေကြောင်းပစ်ကူများကို အဓိကသုံးပြီး ခုခံခဲ့သည်ကို တွေ့ရသည်။

လေကြောင်း၊ ရေကြောင်းသုံး တိုက်ခိုက်မှု‌တို့ကြောင့် တော်လှန်ရေးတပ်တို့ဘက်က ကျဆုံးသူ ကိုးဦး၊ ဒဏ်ရာရသူ ၂၀ ဝန်းကျင်ရှိသည်။

စစ်ကောင်စီဘက်ကမူ စစ်ကောင်စီစခန်းတစ်ခု၊ ပျူစောထီးစခန်းတစ်ခု လက်လွှတ်ခဲ့ရသည့်အပြင် သေဆုံးသူ အနည်းဆုံး ၂၈ ဦး၊ အရှင်အဖမ်းခံရသူ ၂၆ ဦးနှင့် ဒဏ်ရာသူအများအပြားရှိကြောင်း တော်လှန်ရေးတပ်တို့၏ ထုတ်ပြန်ချက်အရ သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်တို့ဘက်က လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့သေးကြောင်း ထုတ်ပြန်ချက်အရ သိရသည်။