ပိတ်ဆို့တိုက်ခိုက်ခံနေရသည့် ကျောက်မဲတောင်စခန်း၌ ဖမ်းထားသော ဒေသခံလေးဦးကိုပြန်လွှတ်၊ အလံဖြူထောင်ပြီးထွက်ခိုင်း

0
572

ထားဝယ်အရှေ့တောဒေသ ကျောက်မဲတောင်ရွာရှိ စစ်ကောင်စီစခန်းတွင် ဖမ်းဆီးခံထားရသည့် ဒေသခံလေးဦးကို မေလ ၇ရက် ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်ပြီး အလံဖြူထောင်ကာ စခန်းထဲက ထွက်ခိုင်းကြောင်း လွတ်မြောက်လာသူတို့၏ ပြောဆိုချက်ကို ကိုးကားကာ ဒေသခံအချို့က ပြောသည်။

ကျောက်မဲတောင်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် PDF ပူးပေါင်းတပ်များက ဝိုင်းဝန်း ပိတ်ဆို့ထားဆဲဖြစ်ပြီး စခန်းထဲက ထွက်လာသည့် စစ်ကောင်စီ တပ်သားများ ပစ်ခတ်ခံရသဖြင့် သေဆုံးမှုများရှိကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်အချို့က ဆိုသည်။

စစ်ကောင်စီဘက်က ပြန်လွှတ်ပေးသော်လည်း စခန်းမှာ ပိတ်ဆို့ခံထားရသဖြင့် ဒေသခံတို့မှာ မထွက်ရဲဖြစ်ခဲ့ကြပြီး ယင်းနောက် အလံဖြူထောင်ကာ ထွက်လာကြခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“သူတို့ ပြန်ထွက်လာမရဲဘူးဆိုလို့ စစ်တပ်ထဲက ဗိုလ်က အလံဖြူထောင်ပြီးထွက်ခိုင်းလို့ အလံဖြူထောင်ပြီး ထွက်လာတယ်လို့ ပြောတယ်” ဟု လွတ်မြောက်လာသူတို့ ပြောဆိုချက်ကို ကိုးကားကာ အထက်ပါအမျိုးသမီးက ပြောသည်။

ပြန်လည်လွတ်မြောက်လာသူများတွင် ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာက ဇနီးမောင်နှံနှစ်ဦး၊ ကျောက်မဲတောင်ရွာက အမျိုးသမီးတစ်ဦးနှင့် မြောင်းပြိုရွာက အမျိုးသားတစ်ဦးတို့ ပါဝင်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဝကုန်းရွာက ဇနီးမောင်နှံနှစ်ဦးမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယပတ်တွင် ဝကုန်းနှင့် ကျောက်မဲတောင်ကြား ၂၅ မိုင်အနီး တိုက်ပွဲဖြစ်ပွားနေစဉ် လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာများရရှိကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

“သူတို့လင်မယားနှစ်ယောက်လုံးမှာ ဒဏ်ရာရထားတာရှိတယ်။ အထဲမှာပဲသူတို့ကို ဆေးကုပေးတာ ပျောက်သွားတော့ ပြန်လွှတ်ထုတ်တာ။ သူတို့က ပြန်မထွက်ရဲလို့နေနေတာ။ ဟိုနေ့ကတော့ သူတို့ကို ပြန်လွှတ်ထုတ်လို့ လင်မယား နှစ်ယောက် လုံး ပြန်ထွက်လာရတာ။ မိန်းမမှာက ဗိုက်က ၇ လလောက်ဖြစ်နေပြီ” ဟု စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

သံမဏိပြောက်ကြားတပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်မုတ်ဆိတ်ကလည်း ဝကုန်းရွာက ဇနီးမောင်နှံနှစ်ဦး ပြန်လည် လွတ်မြောက်လာသည်မှာ မှန်ကန်ကြောင်း ပြောဆိုသည်။

ကျန်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ မည်သို့ ဖမ်းဆီးခံခဲ့ရသည်ကို မသိရသေးပေ။

ကျောက်မဲတောင် စခန်းတွင် စားနပ်ရိက္ခာအခက်အခဲရှိလာခြင်း၊ အမျိုးသမီးတစ်ဦးမှာ ကိုယ်ဝန် အရင့်အမာဖြစ်လာခြင်းတို့ကြောင့် လွတ်ပေးခြင်းဖြစ်နိုင်သည်ဟု ပြောဆိုမှုများ ရှိသော်လည်း လွတ်ပေးသည့် အကြောင်းအရင်းကို တိတိကျကျ မသိရသေးပေ။

မေလ ၇ ရက်က ကျောက်မဲတောင်ရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်ပစ်ခတ် တိုက်ခိုက်မှုရှိပြီး မေလ ၈ရက်ကလည်း ပစ်ခတ်သံများ ကြားရကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

“ဒီနေ့ လေယာဉ်နဲ့ ရိက္ခာတွေလာပစ်ချသွားတယ်။ အထုပ် ၈ ထုပ်မှာ ၄ ထုပ်ပဲ စခန်းထဲကျတယ်။ ၄ ထုပ်က စခန်းအပြင်ကို ကျတယ်” ဟု စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုသည်။

လေယာဉ်ဖြင့် ပစ္စည်းပစ်ချပြီးနောက် စခန်းထဲက လက်နက်ကြီး သုံးလေးချက်ခန့် ပစ်ခတ်သံကြားရကြောင်း ဗိုလ်မုတ်ဆိတ်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ရက်က စစ်ကောင်စီယာဉ်တန်း ၁၇စီးနှင့် အင်အား ၃၀၀ခန့်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်း ကို KNLA ၊ KTLA နှင့် PDF ပူးပေါင်းတပ်များက သင်္ကန်းတုံး၊ ဝကုန်း၊ ကျောက်မဲတောင်ကြားတွင် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကား ၁၂ စီးရရှိပြီး စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း တော်လှန်ရေး ပူးပေါင်းတပ်တို့ ဘက်က ထုတ်ပြန် ထားသည်။