ပုလော၊ ထမင်းမစားရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

0
671

ပုလောမြို့နယ်၊ ထမင်းမစားရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့ မေလ ၉ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ တာဝန်ရှိသူနှင့် ဒေသခံအချို့က ပြောသည်။

ထမင်းမစားရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက မေလ ၂ ရက်က စတင် တိုက်ခိုက်နေပြီး ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီဘက်က K8W ဂျက်ဖိုက်တာတစ်စင်းနှင့် Mi-2 ရဟတ်ယာဉ် တစ်စင်းတို့ဖြင့်တိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်အချို့နှင့် ပြန်ကြားရေးတာဝန်ရှိသူတို့က ဆိုသည်။

လေကြောင်းဖြင့် တိုက်ခိုက်သဖြင့် ဒေသခံများထွက်ပြေးကြရကြောင်း ထမင်းမစားကျေးရွာအုပ်စု၊ နန်းပရုပ်ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“လေယာဉ်လာတာ နှစ်စီး၊ (ဗုံး)ကြဲတာကတော့ များများကြီးပဲ။ ညီမတို့လည်း ထွက်ပြေးနေရတယ်။ ကြဲတာကတော့ ထမင်းမစားရွာပတ်ချာလည်ကို ကြဲတာပဲ။ ဒေသခံတွေ ထိခိုက်မှုတော့ မကြားရဘူး” ဟု ၎င်းက ပြောသည်။

ယခင်ရက်များကလည်း ထမင်းမစားရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ကျေးရွာများဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး ဥယျာဉ်ခြံများထဲတွင် ကျရောက်ပေါက်ကွဲကြောင်း အထက်ပါဒေသခံ အမျိုးသမီးက ပြောဆိုသည်။

ဗုံးအလုံးရေ မည်မျှလာရောက် ကြဲချတိုက်ခိုက်သည်ကို မသိရသေးသလို တိုက်ပွဲအခြေအနေ အသေးစိတ်ကိုလည်း မသိရသေးကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်အချို့နှင့် ပြန်ကြားရေးတာဝန်ရှိသူတို့က ဆိုသည်။

“လေကြောင်းတိုက်ခိုက်မှုမှာတော့ ထိခိုက်မှုမရှိဘူး” ဟု ပုလောစစ်ကြောင်း-၁ ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲကြောင့် ထမင်းမစားကျေးရွာအုပ်စုက ဒေသခံများထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံများထိခိုက်မှုနှင့် နေအိမ်ထိခိုက်ပျက်စီးမှု ရှိမရှိ အခြေအနေတို့ကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ပုလောမြို့နှင့် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိသည့် ထမင်းမစားကျေးရွာသည် ထားဝယ်-မြိတ် ပြည်ထောင်စုကားလမ်းမပေါ်တွင် တည်ရှိပြီး ပျူစောထီးအားကောင်းသည့် ရွာကြီးတစ်ရွာဖြစ်သည်။

မေလ ၂ ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲတွင် အသက် ၂၆ နှစ်ခန့်ရှိ ရဲဘော်ကိုအောင်ငယ် ကျဆုံးခဲ့ကြောင်း ပုလောစစ်ကြောင်း ၁ က မေလ ၅ ရက်တွင် ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်း ထားဝယ်-မေတ္တာ-ထီးခီးလမ်းနှင့် သရက်ချောင်း၊ လောင်းလုံး၊ ပုလော၊ တနင်္သာရီ၊ ဘုတ်ပြင်းမြို့နယ်များတွင် စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ပြုလုပ်နေ သည်။

ယနေ့ နံနက်ပိုင်းကလည်း လောင်းလုံးမြိုရှိ စစ်ကောင်စီစခန်များ တိုက်ခိုက်ခံရပြီးနောက် မြို့အနီးဝန်းကျင်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။