ပါရီရောက် အမေရိကန်ကျောင်းသားလှုပ်ရှားမှု

0
273
Paris Institute of Political Studies မှာ ဆန္ဒပြကျောင်းသားတွေကို တွေ့ရစဉ်(ဓာတ်ပုံ -Dimitar Dilkoff/AFP)

အမေရိကန်ပြည်ထောင်စု အွန်စတင်မြို့က တက္ကဆက်တက္ကသိုလ်နယ်မြေဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ ရာနဲ့ချီတဲ့ ကျောင်းသားတွေရဲ့ ကြွေးကြော်သံတွေနဲ့ ဆူပွက်နေပါတယ်။

တက္ကဆက်ပြည်နယ်ရဲတပ်ဖွဲ့ဝင်တွေကလည်း ကျောင်းသားလှုပ်ရှားမှုကို ဖြိုခွင်းဖို့ တက္ကသိုလ်နယ်မြေထဲကို မြင်းစီးပြီး ဝင်ရောက်လာခဲ့ကြတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ ပါလက်စတိုင်းအလံကိုင်ပြီး ကြွေးကြော်သံတွေ အော်ဟစ်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေကို အဓိကရုဏ်းနှိမ်နှင်းရေး အသင့်အနေအထားနဲ့ စောင့်ကြည့်နေတယ်။

အမေရိကန်နိုင်ငံ ၊ တက္ကဆက်ပြည်နယ် University of Texas တွင် ပါလက်စတိုင်းလိုလားသူကျောင်းသားများ ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ – Suzanne Cordeiro/AFP)

အခြေအနေက ဘာဆက်ဖြစ်လာမလဲ ဘယ်သူမှ မသိနိုင်တဲ့အချိန်မှာ အသက်နှစ်ဆယ်ဝန်းကျင်အရွယ် တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အရှေ့တည့်တည့်မှာ လက်ပိုက်ရပ်လိုက်ပါတယ်။

သူ့မျက်လုံးတွေက ရဲတပ်ဖွဲ့ဝင်တွေရဲ့ မျက်လုံးတွေထဲကို တည့်တည့်စိုက်ကြည့်နေခဲ့တယ်။

အနက်ရောင်တီရှပ်တစ်ထည်နဲ့ ဂျင်းဘောင်းဘီဝတ်ပြီး ပေါ့ပါးလှပနေပေမယ့် သူမရဲ့ မျက်လုံးတွေကတော့ အခိုးအငွေ့မထွက်တဲ့ အဓိပ္ပါယ်တချို့နဲ့ လေးလံတည်ငြိမ်နေခဲ့ပါတယ်။

အဲဒီနေ့မှာ တက္ကဆက်ပြည်နယ်ရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ ပါလက်စတိုင်းအရေး ကြွေးကြော်ဆန္ဒပြနေတဲ့ ကျောင်းသားဒါဇင်နှင့်ချီ အဖမ်းခံခဲ့ရပါတယ်။

ရာနှင့်ချီတဲ့ ကျောင်းသားတွေက ဆန္ဒပြစုရပ်မြက်ခင်းပြင်ပေါ်ကနေ တရကြမ်းစီးနင်းမောင်းထုတ်ခံလိုက်ရပါတယ်။

ဂါဇာကမ်းမြောင်ဒေသအပေါ် အမေရိကန်ကျောထောက်နောက်ခံပေးထားတဲ့ အစ္စရေးလေတပ်ရဲ့ ဗုံးကြဲသံတွေက အမေရိကန်တက္ကသိုလ်တွေမှာ မုန်တိုင်းတစ်ခုလို ဝှေ့ယမ်းပစ်လိုက်တဲ့ ဇာတ်လမ်းပါပဲ။

ဇာတ်လမ်းရဲ့ အစကတော့ အမေရိကန်ပြည်ထောင်စုက Ivy League အနွယ်ဝင် ကမ္ဘာကျော်ကိုလံဘီယာတက္ကသိုလ် ပရိဝုဏ်ကနေ စလိုက်တာပါပဲ။

ပြီးခဲ့တဲ့အပတ်က ကိုလံဘီယာတက္ကသိုလ်မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က အင်အားသုံးဖမ်းဆီးလိုက်ရာကနေ အမေရိကန်တစ်နိုင်ငံလုံးကို ရိုက်ခတ်ပျံ့နှံ့သွားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

မခံမရပ်နိုင်စရာတွေ အုပ်သင်းဖွဲ့ ပျံသန်းလာတဲ့အခါ ဒဏ်ရာချင်း မီးမြှိုက်ရင်း လူထုလှုပ်ရှားမှုတစ်ခု မီးထတောက်သွားတဲ့ ဖြစ်ရပ်မျိုးဟာ ကျွန်တော်တို့ တိုင်းပြည်မှာလည်း ရင်းနှီးပြီးသား ဇာတ်လမ်းမဟုတ်လား။

ဒီဖြစ်ရပ်တွေ မတိုင်ခင်က အမေရိကရဲ့ တက္ကသိုလ်တွေဟာ မုန်တိုင်းတစ်ခုရဲ့ အစအနကို ခြေရာခံမရသလို ပုံမှန်အတိုင်း ငြိမ်သက်လည်ပတ်နေသလိုပါပဲ။

ဒါပေမဲ့ ၂၀၂၄ ခုနှစ်ရဲ့ အမေရိကန်ကျောင်းသားလှုပ်ရှားမှုကို ဖောက်ခွဲပစ်မယ့် အမြုတေကျောင်းသားတစ်စုဟာ ကိုလံဘီယာတက္ကသိုလ်ရဲ့ နံရံတွေကြားမှာ အကြောင်းအရာတစ်ခုကို တိတ်တဆိတ် ကြိတ်ဆွေးနွေးနေခဲ့ကြတယ်။

တက္ကဆက်ပြည်နယ်ရဲတပ်ဖွဲ့ဝင်တွေကို စိုက်ကြည့်နေတဲ့ တက္ကသိုလ်ကျောင်းသူတစ်ဦး (ဓာတ်ပုံ – Suzanne Cordeiro/AFP)

သူတို့ ဆွေးနွေးနေတဲ့ အကြောင်းအရာဟာ အစ္စရေးအစိုးရက ပါလက်စတိုင်းကို နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေတာကို ဆန့်ကျင်တဲ့ ကျောင်းသားလှုပ်ရှားမှုတစ်ရပ် ဖော်ဆောင်နိုင်ဖို့ပါပဲ။

ဒီရည်မှန်းချက်အောင်မြင်ဖို့အတွက် မိခင်ကိုလံဘီယာတက္ကသိုလ်ဧရိယာအတွင်းမှာ ရွက်ဖျင်တဲတွေ ဆောက်ပြီး အချိန်ပြည့် သပိတ်စခန်းဖွင့်ဖို့ သူတို့ ကြံရွယ်ခဲ့ကြတယ်။

အသေးစိတ်လိုအပ်ချက်တွေကို ဘယ်လိုလက်တွေ့ဖြည့်ဆည်းမလဲဆိုတာကို နာရီပေါင်းများစွာ ကြာတဲ့ လျှို့ဝှက်ဆွေးနွေးပွဲတွေမှာ ခေါင်းချင်းရိုက်တိုင်ပင်ခဲ့ကြတယ်။

သပိတ်စခန်းကို ပူးပေါင်းလာမယ့် ကျောင်းသားတွေအတွက် ဆက်သွယ်ရေးနည်းဗျူဟာတွေကို ဖော်ထုတ်ခဲ့ကြတယ်။ အာဏာပိုင်တွေက ဖမ်းလားဆီးလားလုပ်လာရင် ရင်ဆိုင်နိုင်ကြဖို့ သူတို့ကျောင်းသားအချင်းချင်း ရင်ဘတ်ချင်း ဝတ်မှုန်ကူးခဲ့ကြတယ်။

သပိတ်စခန်းမှာ ပူးပေါင်းလာမယ့် ကျောင်းသားတွေအတွက် သန့်စင်ခန်းဘယ်လိုစီစဉ်ပေးရမလဲ ၊ အမှိုက်တွေ ဘယ်လိုစွန့်ပစ်ရမလဲဆိုတဲ့ နိစ္စဓူဝအခြေခံပြဿနာလေးတွေကအစ အသေးစိတ်ကျကျ စီမံထားခဲ့တယ်။ ဒါတွေ အားလုံးကို ညှိနှိုင်းတိုင်ပင်ပြီးနောက်မှာတော့ ကျောင်းသားတစ်စုဟာ သပိတ်စခန်းဆောက်ဖို့ ရွက်ဖျင်တဲတွေကို အွန်လိုင်းမှာ ဈေးအသက်သာဆုံးရနိုင်မယ့်နေရာကနေ မှာယူလိုက်ပါတော့တယ်။

၂၀၂၄ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ နယူးယောက်မြို့က ကမ္ဘာကျော်ကိုလံဘီယာတက္ကသိုလ်ပုရဝုဏ်ထဲမှာ တက္ကသိုလ်ကျောင်းသားတွေရဲ့ ပထမဆုံးသပိတ်စခန်း ပေါ်ထွက်လာပါတယ်။ ဒါဟာ Gaza solidarity encampments လို့ လူသိများတဲ့ တက္ကသိုလ်နယ်မြေထဲမှာ ရွက်ဖျင်တဲထိုးပြီး ဆန္ဒပြကြတဲ့ အမေရိကန်ကျောင်းသားလှုပ်ရှားမှုရဲ့ အစဖြစ်ပါတယ်။

ကိုလံဘီယာတက္ကသိုလ်မှာ ဘွဲ့လွန်သင်တန်းတက်ရောက်နေပြီး ဆန္ဒပြရာမှာပါဝင်တဲ့ Elea sun က အခုလို ပြောပါတယ်။

“ဒီလို ဖြစ်လာဖို့ အများကြီး အားစိုက်လုပ်ခဲ့ရတယ်။ အစည်းအဝေးတွေ အများကြီး လုပ်ခဲ့ရတယ်။ သပိတ်စခန်းဖွင့် စလှုပ်ရှားတဲ့အချိန်တုန်ုးက ဘယ်လိုရှေ့ဆက်သွားရမလဲဆိုတာ မသိခဲ့ကြဘူး။ ဒီလို ဖြစ်လာလိမ့်မယ်လို့လည်း ဘယ်သူမှ တွေးမိကြမှာ မဟုတ်ဘူး ထင်တယ်”

ကျောင်းသားတွေက ဂါဇာမှာ အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာကို ဆန့်ကျင်ရှုတ်ချကြပါတယ်။ အမေရိကန်တက္ကသိုလ်တွေအနေနဲ့ အစ္စရေးစစ်တပ်ကို အထောက်အကူပေးနေတဲ့ ကုမ္ပဏီတွေနဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့ကိုလည်း လေးလေးနက်နက် တောင်းဆိုလိုက်ပါတယ်။

ဧပြီလ ၁၈ ရက်နေ့မှာ ရဲတပ်ဖွဲ့ဝင်တွေက ကိုလံဘီယာတက္ကသိုလ်နယ်မြေထဲက သပိတ်စခန်းကို ရှင်းလင်းပစ်ဖို့ ပထမဆုံး ကြိုးစားခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ကျောင်းသားပေါင်း (၁၀၀) ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ဒီလုပ်ရပ်ကြောင့် Gaza solidarity encampments ကျောင်းသားလှုပ်ရှားမှုဟာ အမေရိကန်နိုင်ငံ နိုင်ငံအနှံ့က အခြား တက္ကသိုလ်တွေအထိ ရိုက်ခတ်သွားခဲ့ပါတယ်။ တစ်ဒါဇင်ထက်ကျော်တဲ့ တက္ကသိုလ်တွေမှာ ရွက်ဖျင်တဲထိုး သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုတာတွေ လုပ်လာကြပါတယ်။

ကိုလံဘီယာတက္ကသိုလ်က လှုပ်ရှားမှုဟာ ပထမဆုံးအကြိမ် ဖြိုခွင်းခံလိုက်ရပေမယ့် ကျောင်းသားတွေကြား ပိုသွေးပူလာပြီး အချင်းချင်းပြန်စုစည်းမိလာကြတယ်။ ကနဦးတောင်းဆိုချက်တွေအပြင် အဖမ်းဆီးခံကျောင်းသားတွေအတွက် ထပ်တိုးတောင်းဆိုချက်တွေ ကြွေးကြော်လာပါတယ်။

ကိုလံဘီယာတက္ကသိုလ်က သပိတ်မှောက်ကျောင်းသူတွေထဲမှာ အစ္စလာမ်ဘာသာဝင် အမေရိကန်အောက်လွှတ်တော်အမတ် Mrs. Ilhan Omar ရဲ့ သမီးလည်း ပါဝင်ပါတယ်။ ကိုလံဘီယာတက္ကသိုလ် သပိတ်စခန်းကို ရောက်လာတဲ့ Mrs. Ilhan Omar က X လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အခုလို ရေးသားခဲ့ပါတယ်။

“သူတို့ရဲ့ ရဲရင့်မှုနဲ့ သတ္တိကို ကျွန်မ တကယ်လေးစားအံ့ဩမိပါတယ်”

အမေရိကန်နိုင်ငံက တက္ကသိုလ်တွေမှာ Spring semester နှစ်ဝက်သင်တန်းတွေ ပြီးဆုံးခါနီး ဘွဲ့နှင်းသဘင်အခမ်းအနားတွေ နီးကပ်လာချိန်မှာမှ ဒီလို ကျောင်းသားလှုပ်ရှားမှုတွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဟားဗတ်တက္ကသိုလ် ၊ ယေးလ်တက္ကသိုလ် ၊ ဂျော့ဝါရှင်တန်တက္ကသိုလ် ၊ အီမာဆင်ကောလိပ် ၊ နယူးယော့တက္ကသိုလ် ၊ အမ်မိုရီတက္ကသိုလ်၊ နယူးယော့မြို့ စီးတီးကောလိပ်နဲ့ အခြားတက္ကသိုလ်တွေမှာလည်း Gaza solidarity encampments လှုပ်ရှားမှုတွေ ပေါ်ပေါက်လာပြီး ဒါဇင်နဲ့ချီတဲ့ ကျောင်းသားတွေနဲ့ ပရော်ဖက်ဆာအချို့ပါ အဖမ်းခံခဲ့ရပါတယ်။

ဒီလှုပ်ရှားမှုရဲ့ ရိုက်ခတ်မှုကြောင့် လော့စ်အိန့်ဂျလိစ်မြို့က University of Southern California က မေလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖျက်သိမ်းလိုက်ပါတယ်။

တက္ကသိုလ်ပရိဝုဏ်အတွင်းမှာ ကျောင်းသားတွေက ရွက်ဖျင်တဲဆောက်ပြီး သပိတ်စခန်းဖွင့်ထားတာကို ရဲတပ်ဖွဲ့က လာရောက်ဖယ်ရှားဖို့ ကြိုးစားခဲ့ပါတယ်။

University of Texas ကျောင်းဝင်းထဲ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို တက္ကဆက်ပြည်နယ်ရဲတပ်ဖွဲ့ဝင်တွေက လူစုခွဲဖို့ ပြင်နေစဉ် (ဓာတ်ပုံ – Suzanne Cordeiro/AFP)

ဒါပေမဲ့ ကျောင်းသားတွေဘက်က ပြန်လည်ခုခံခဲ့တာကြောင့် အာဏာပိုင်တွေ လက်လျှော့သွားခဲ့ပါတယ်။ သပိတ်စခန်းထဲက လူငယ်တစ်ယောက်ကို ရဲတွေက ဖမ်းပြီး ကားထဲ ထည့်လိုက်တဲ့အချိန်မှာ ကျောင်းသားတွေက ကားကို ဝိုင်းထားလိုက်ပါတယ်။ ကားထဲထည့်ထားတဲ့ လူငယ်ကို ချက်ချင်းလွှတ်ပေးကြဖို့ ကျောင်းသားတွေက ဝိုင်းအော်ကြတာကို မခံနိုင်တဲ့အဆုံး ရဲတွေဘက်က ပြန်လွှတ်ပေးခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ကနေ စတင်လိုက်တဲ့ အစ္စရေး-ဂါဇာစစ်ပွဲနဲ့ ပက်သက်ပြီး အမေရိကန်နိုင်ငံအနှံ့မှာ ကျောင်းသားဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတဲ့အပေါ် ကိုလံဘီယာတက္ကသိုလ်မှာ မာစတာတန်းတက်နေတဲ့ အစ္စရေးနိုင်ငံသား Omer Lubaton Granot က သူ့ရဲ့ အမြင်ကို အခုလို ဖွင့်ဟပါတယ်။

“သူတို့က ကျွန်တော်ရဲ့ အစ္စရေးလူမျိုးဆိုတဲ့ ဖြစ်တည်မှုကြောင့် ခွဲခြားဆက်ဆံချင်နေကြတယ်။ အစ္စရေးနိုင်ငံသား ဂျူးလူမျိုးတစ်ယောက်ဖြစ်နေလို့ ကျွန်တော့်ကို သူတို့ ခြိမ်းခြောက်နေကြတယ်။

ကျောင်းသားဆန္ဒပြပွဲတွေမှာ ဂျူးဆန့်ကျင်ရေးသဘောသက်ရောက်တဲ့ ဖြစ်ရပ်တွေ ရှိနေတယ်လို့လည်း အစ္စရေးလိုလားထောက်ခံသူတွေက ပြောပါတယ်။ ကျောင်းသားဆန္ဒပြသူတွေဘက်ကတော့ သူတို့ရဲ့ ဆန္ဒပြပွဲတွေမှာ ဂျူးဆန့်ကျင်ရေးသဘောထားနဲ့လုပ်ရပ်တွေ မရှိဘူးလို့ ငြင်းဆန်ကြပါတယ်။

နိုင်ငံအနှံ့က အထင်ကရတက္ကသိုလ်ကြီးတွေမှာ ဂါဇာစစ်ပွဲကို ဆန့်ကျင်တဲ့ ကျောင်းသားလှုပ်ရှားမှုတွေ ပေါ်ထွက်လာချိန်မှာ ရီပတ်ဘလင်ကန်ခေါင်းဆောင်တစ်ယောက်ရဲ့ သဘောထားမှတ်ချက်က ကျောင်းသားတွေအနေနဲ့ ခံပြင်းဒေါသထွက်စရာ ဖြစ်နေပါတယ်။

ကျောင်းသားဆန္ဒပြပွဲတွေကို အချိန်မီ မထိန်းချုပ်နိုင်ဘူးဆိုရင် အမျိုးသားလုံခြုံရေးတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းရလိမ့်မယ်လို့ ရီပတ်ဘလင်ကန်ပါတီဝင် အောက်လွှတ်တော်အမတ် Mike Johnson က သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။ ဒါဟာ ၁၉၇၀ ပြည့်နှစ်က ဗီယက်နမ်စစ်ပွဲကို ဆန့်ကျင်ဆန္ဒပြတဲ့ ကျောင်းသားတွေကို အမျိုးသားလုံခြုံရေးတပ်ဖွဲ့က ပစ်သတ်ခဲ့တဲ့ဖြစ်ရပ်အပေါ် ပြန်အစဖော်ပေးလိုက်သလိုပါပဲ။

အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Karine Jean-Pierre ကတော့ သမ္မတဘိုင်ဒန်အနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထောက်ခံအားပေးတဲ့အကြောင်း အခုလို ပြောပါတယ်။

“ကောလိပ်ပရိဝုဏ်တွေအထဲမှာ လွတ်လပ်စွာထုတ်ဖော်ခွင့် ၊ ငြင်းခုန်ဆွေးနွေးခွင့်နဲ့ ခွဲခြားဆက်ဆံမှုကင်းဖို့ အရေးကြီးတယ်ဆိုတာ သမ္မတက ယုံကြည်ပါတယ်”လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ Karine Jean-Pierre က ပြောခဲ့ပါတယ်။

ကိုလံဘီယာတက္ကသိုလ်ကနေ စတင်လိုက်တဲ့Gaza solidarity encampments လှုပ်ရှားမှုဟာ အမေရိကန်ပြည်ထောင်စုအပြင်ဘက်ထိ ရိုက်ခတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

Paris Institute of Political Studies မှာ ဆန္ဒပြကျောင်းသားတွေကို တွေ့ရစဉ် (ဓာတ်ပုံ -Dimitar Dilkoff/AFP)

ပြင်သစ်နိုင်ငံ ပါရီမြို့က နိုင်ငံကျော် အထင်ကရတက္ကသိုလ်တစ်ခုမှာ ဧပြီလ ၂၆ ရက်နေ့က ကျောင်းသားတွေဟာ တက္ကသိုလ်အဝင်လမ်းကို ပိတ်ဆို့လိုက်ပြီး စုဝေးဆန္ဒပြခဲ့ကြတဲ့အတွက် တက္ကသိုလ်အာဏာပိုင်တွေက အွန်လိုင်းသင်တန်းစနစ်ကို ပြောင်းလဲလိုက်ရပါတယ်။

Sciences Po လို့ နာမည်ကျော်တဲ့ Paris Institute of Political Studies တက္ကသိုလ်မှာ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ကျောင်းသားတွေက ကျောင်းဆောင်တစ်ခုမှာ ပါလက်စတိုင်းအရေး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အဲဒါကို ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖြိုခွင်းခဲ့ပါတယ်။

သောကြာနေ့မှာတော့ ရာဂဏန်းလောက်ရှိတဲ့ ဆန္ဒပြကျောင်းသားတွေက တက္ကသိုလ်ရဲ့ ပင်မကျောင်းဆောင်ကို သိမ်းပိုက်နေရာယူလိုက်ပါတယ်။ ဒါဇင်လောက်ရှိတဲ့ ကျောင်းသားတွေက တက္ကသိုလ်အဝင်လမ်းကို ပိတ်ဆို့ထားခဲ့ပါတယ်။ ကျောင်းသားတွေဟာ ပင်မကျောင်းဆောင်ရဲ့ ပြတင်းပေါက်မှာ စုပြုံတိုးဝှေ့ပြီး စစ်ပွဲကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ဖြိုခွင်းပေးဖို့ ရဲတပ်ဖွဲ့ကို လှမ်းခေါ်ခဲ့တဲ့ ကျောင်းအုပ်ချုပ်ရေးကို ဖီဆန်တဲ့အနေနဲ့လည်း “ငါတို့အားလုံး ပါလက်စတိုင်းတွေပဲ” လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်မြှောက်ဆန္ဒပြခဲ့ကြပါတယ်။

သောကြာနေ့ ညနေပိုင်းမှာ အစ္စရေးထောက်ခံသူဆန္ဒပြသမားတွေပါ ရောက်လာပြီး ပါလက်စတိုင်းလိုလားသူဆန္ဒပြသမားတွေနဲ့ တက္ကသိုလ်အဝင်လမ်း အပြင်ဘက်မှာ အုပ်စုနှစ်စု ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ စုစုပေါင်း လူ ၂၀၀ လောက်ရှိတဲ့ အုပ်စုနှစ်စုကြားမှာ အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေက ဒိုင်းကာတွေနဲ့ ဝင်ရောက်လူစုခွဲပေးခဲ့ရပါတယ်။

တက္ကသိုလ်အတွင်းရှိ အဆောက်အအုံအားလုံးကို တက္ကသိုလ်အာဏာပိုင်တွေက ပိတ်ပစ်လိုက်ပြီး သင်တန်းအားလုံးကို အွန်လိုင်းစနစ်ကနေ ပြောင်းလဲသင်ကြားမယ်လို့ ပြောပါတယ်။

ပါလက်စတိုင်းအရေး ဆန္ဒပြရာမှာ ပါဝင်တဲ့ ဆန္ဒပြကျောင်းသူ Louise က သူမရဲ့ ခံစားချက်ကို အခုလိုပဲ ပြောသွားပါတယ်။

“အဓိကအရေးကြီးဆုံးက ပါလက်စတိုင်းပြည်သူတွေနဲ့ အတူတကွ ကျွန်မတို့ သွေးစည်းညီညွတ်မှုရှိရှိ ရပ်တည်နေဖို့ပဲ”

နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်က စတင်လိုက်တဲ့ အမေရိကန်ကျောင်းသားလှုပ်ရှားမှုဟာ သမုဒ္ဒရာတစ်စင်း ခြားတဲ့ ပါရီမြို့တော်က ကျောင်းသားတွေရဲ့ ရင်ဘတ်ကို ဘာကြောင့် လိပ်ပြာနှိုးလိုက်တာပါလဲ။ တက္ကဆက်ပြည်နယ်ရဲတပ်ဖွဲဝင်တွေကို မတ်တပ်ရပ် လက်ပိုက် ၊ စိုက်ကြည့်နေခဲ့တဲ့ အမေရိကန်ကျောင်းသူလေးရဲ့ မျက်ဝန်းထဲမှာ အဖြေဟာ ရှိနေပါတယ်။

Ref: AP, Al Jazeera

စျာန်ဟိန်း