ထားဝယ်ထောင်က အကျဥ်းသား ၁၂ ဦးလွတ်မြောက်၊ နိုင်ငံရေးအကျဥ်းသူတစ်ဦးသာပါဝင်

0
337
ဓာတ်ပုံ - Dawei Watch (ပုံအဟောင်း)

ထားဝယ်အကျဥ်းထောင်က အကျဥ်သား ၁၁ ဦးနှင့် အကျဥ်းသူတစ်ဦး စုစုပေါင်း ၁၂ဦး လွတ်‌မြောက်လာပြီး ယင်းအနက် နိုင်ငံရေးအကျဉ်းသူတစ်ဦးသာ ပါဝင်ကြောင်း ထောင်ရှေ့တွင် သွားရောက်စောင့်ဆိုင်းသူများနှင့် လွတ်‌မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူ၏ မိသားစုနှင့် နီးစပ်သူတို့ထံမှ သိရသည်။

စစ်ကောင်စီက ယန့ ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်တွင် နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူ သုံးထောင်ကျော်ကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပေးခြင်းဖြစ်သည်။

ယနေ့ မွန်းလွဲ ၁ နာရီတွင် ထားဝယ်ထောင်က အကျဥ်သား၊ အကျဥ်းသူ ၁၂ ဦး ပြန်လွတ်လာခြင်း ဖြစ်ကြောင်း ထောင်ရှေ့တွင် သွားရောက်စောင့်ဆိုင်းသူတို့က ပြောသည်။

ယင်းအနက် စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ်ချမှတ်ထားသည့် နိုင်ငံရေးအကျဥ်းသူ မသျှားပြည်ခင် တစ်ဦးတည်းသာ ပါဝင်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

လွတ်ငြိမ်းခွင့်ပြုသည့် ပမာဏနည်းခြင်းနှင့် ရာသီဥတုပူပြင်းခြင်းတို့ကြောင့် ယခင်လွတ်ငြိမ်းခွင့်ပေးသည့် အခါတိုင်းထက် အကျဥ်းထောင်ရှေ့တွင်လာရောက်စောင့်သူ ဦးရေနည်းကြောင်း သွားရောက်စောင့်ဆိုင်းခဲ့သူ အမျိုးသားတစ်ဦးက ပြောဆိုသည်။

“မနက် ၁၁ နာရီလောက် ရောက်သွားတာ လွှတ်ပေးမယ့်လူကြီးမလာသေးလို့ မလွတ်ပေးသေးဘူး။ နည်းနည်းပဲ လွတ်ပေးမှာ ကြိုသိနေကြလို့ထင်တယ် လာစောင့်သူနည်းတယ်။ အခုတစ်ကြိမ်က လွှတ်ပေးတာနည်းတော့ လွှတ်တယ်လို့တောင် ပြောလို့မရဘူး” ဟု ၎င်းက ပြောသည်။

မြိတ်ထောင်ကလည်း အကျဥ်းသား ၁၀ဦးနှင့် အကျဥ်းသူ ၃ဦး ပြန်လွတ်လာပြီး နိုင်ငံရေး အကျဥ်းသားပါဝင်ခြင်း ရှိ မရှိ အတည်ပြုနေဆဲဖြစ်သည်။