မလွှဲတောင်ကို တစ်နေ့နှစ်ကြိမ် အချိန်အကန့်အသတ်ဖြင့်သာ ဖြတ်ခွင့်ပြု

0
387
ပုံစာ - ဧပြီလဆန်းက မလွှဲတောင် ရေးဘက်ခြမ်းတွင် ညအိပ်စောင့်ဆိုင်းရသည့် ကားနှင့်ခရီးသည်များ။ Photo - Dawei Watch

မွန်ပြည်နယ်ဘက်မှ တနင်္သာရီတိုင်းထဲသို့အဝင် မလွှဲတောင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် သင်္ကြန်ကာလနောက်ပိုင်း ကစ၍ တစ်နေ့နှစ်ကြိမ် အချိန်အကန့်သတ်ဖြင့်သာ ဖြတ်သန်းခွင့်ပြုတော့ကြောင်း ကားသမားများနှင့် ခရီးသွားများထံက သိရသည်။

နံနက် ၈ နာရီခွဲဝန်းကျင်မှ ၁၁ နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီအထိတစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်သာ ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်သည်။

“ကားကိုတော့ ဂိတ်ဖြတ်ခိုင်းတဲ့အချိန်ရောက်အောင် မောင်းရတာပေါ့။ သင်္ကြန်ကာလနောက်ပိုင်း လုံးဝ ဂိတ်ပိတ်ချတာ မျိုးတော့ မကြုံရသေးဘူး။ အချိန်နဲ့ပဲ ကန့်သတ်လိုက်တယ်” ဟု ထားဝယ်မြို့ခံ ခရီးသည်ယာဉ်မောင်းတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ နောက်ဆုံးအပတ်က မလွှဲတောင်ဂိတ် တိုက်ခိုက်ခံရပြီးနောက်ပိုင်း မလွှဲတောင်ဂိတ်ဖြတ်သန်းချိန်ကို တစ်ရက် ၈ နာရီသာ ခွင့်ပြုခဲ့ပြီး ယခုတစ်ဖန် အချိန်အကန့်သတ်ဖြင့် အကြိမ်ရေခွဲကာ ဖြတ်သန်းခွင့်ပြုခြင်းဖြစ်ကြောင်း ယာဉ်မောင်းများ ထံက သိရသည်။

“ကားတွေဖြတ်ခိုင်းတဲ့အခါ ဂိတ်အဆောက်အအုံအနားမှာ စစ်သား ဆယ်ယောက်လောက်နဲ့စောင့်ပြီး ပေးဖြတ်တယ်။ အရင်လို တစ်ယောက်ချင်း မှတ်ပုံတင်ဆင်းပြ အစစ်ခံရတာမျိုး မကြုံရတော့ဘူး” ဟု ယခုရက်ပိုင်းအတွင်း ရေးမြို့သို့ ခရီးသွားခဲ့သည့် ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလမှ ဧပြီလအတွင်း မလွှဲတောင်စစ်ဆေးရေးဂိတ်သည် မွန်နှင့် တနင်္သာရီတော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်ခြင်း သုံးကြိမ်ထက်မနည်းခံခဲ့ရပြီး ဂိတ်ပတ်ဝန်းကျင်တွင်လည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ကာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ဖူးသည်။

ယင်းအပြင် မွန်နှင့် တနင်္သာရီတော်လှန်ရေး အင်အားစုများကလည်း ရေး-မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းတွင် လမ်းပိုင်းစစ်ဆေးမှုများ ဆောင်ရွက်နေသည်။