ပလမြို့ရဲစခန်းနှင့် တိုတောင်ပေါ်ရှိ စစ်ကောင်စီစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ

0
354

ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းနှင့် တိုတောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုတို့ကို ဧပြီလ ၂၈ ရက် ညနေပိုင်းက ဒရုန်းဖြင့် ‌ဗုံး သုံးလုံးချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်တပ်မတော် (ပုလော) ၊ မြိတ်ခရိုင် တပ်ရင်း (၁) ထံက သိရသည်။

“မနေ့က ဒရုန်းစစ်ဆင်းရေးမှာ ပလစခန်းကို ၂ လုံး၊ တိုတောင်ကို ၁ လုံးကြဲခဲ့တယ်” ဟု မြိတ်ခရိုင်တပ်ရင်း (၁) ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် ပလရဲစခန်းတွင် လူနာတင်ယာဉ် အဝင်အထွက်ရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ထိခိုက်မှုစာရင်းကိုမူ စုံစမ်းဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဒရုန်းတိုက်ခိုက်မှုကို မြိတ်ခရိုင် တပ်ရင်း ၁ ၊ T2 Drone team တပ်ဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တပ်ရင်းထံမှ သိရသည်။

ပလရဲစခန်းနှင့် တိုတောင် စစ်ကောင်စီစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်ကလည်း ပုလောမြို့နယ်၊ ဇရပ်ဆိပ်နှင့် တပိုရွာဘက်သို့ ယနေ့ ဧပြီလ ၂၉ ရက် နံနက်ပိုင်းအထိ လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

ပလရဲစခန်းကို ဖေဖော်ဝါရီလ ၂၈ ရက်ကလည်း မြိတ်ခရိုင်တပ်ရင်း (၁) က ဒရုန်းဖြင့် တစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။