ရေဖြူ သဲချောင်းရွာအုပ်စုတွင် ပျူစောထီးအဖွဲ့က ရိုက်နှက်၍ အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

0
332

ရေဖြူမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စုတွင် ပျူစောထီးအဖွဲ့က ရိုက်နှက်၍ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း ယင်းကျေးရွာအုပ်စုတွင် နေထိုင်သည့် ဒေသခံများထံက သိရသည်။

ဧပြီလ ၂၅ ရက်တွင် သဲချောင်းကျေးရွာအုပ်စု၊ သဘွတ်ချောင်းရွာတွင် အသက် ၄ဝ ကျော်အရွယ် ဦးဝင်းကျော်ကို ပျူစောထီး အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

ယင်းနောက်တစ်ရက်အကြာ ဧပြီ ၂၆ ရက်ညတွင် ရိုက်နှက်ခံထားရသည့်ဒဏ်ရာများကြောင့် သတိလစ်သွားသဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ဦးဝင်းကျော်ကို မိသားစုက မောရဝတီရေတပ်ဆေးရုံသို့ ပို့ဆောင်ရာတွင် လက်မခံသဖြင့် ကံပေါက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးကြောင်း ဒေသခံတို့က ပြောဆိုသည်။

ဦးဝင်းကျော်သည် စိတ်ကျန်းမာရေး ချို့ယွင်းနေသူဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ပျူစောထီးအဖွဲ့က ဖမ်းဆီးရိုက်နှက်သည်ကို မသိရသေးကြောင်း ဒေသခံတို့က ပြောသည်။

Dawei Watch က တွေ့ရှိရသည့် ဓာတ်ပုံမှတ်တမ်းတွင် သေဆုံးသူ ဦးဝင်းကျော်၏ ကျောဘက်၌ ရိုက်နှက်ခံထားရသဖြင့် ညိုမဲစွဲနေသည့် ဒဏ်ရာများကို တွေ့ရှိခဲ့ရသည်။

အလားတူ ဧပြီ ၂၁ ရက်ကလည်း ယင်းပျူစောထီးအဖွဲ့ကပင် သဲချောင်းကျေးရွာတွင် ဦးထွန်းနိုင် ဆိုသူရွာသားကို ဆိုင်ကယ်စီးသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးရိုက်နှက်ခဲ့သေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရိုက်နှက်ခံရသည့် ဦးထွန်းနိုင်လည်း ယနေ့ ဧပြီလ ၂၉ ရက်အထိ ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း သဲချောင်းရွာသားများက ပြောသည်။

ကံပေါက်ဒေသတွင် ၂၀၂၃ ဧပြီလကတည်းက မောရဝတီရေတပ်က ဆိုင်ကယ်စီးခွင့် လုံးဝပိတ်ထားခဲ့သည်။ ဆိုင်ကယ်စီးနင်း သဖြင့် ပစ်ခတ်ခံရမှုကြောင့် ဇာဒီရွာက အမျိုးသားတစ်ဦး သေဆုံးခဲ့ဖူးကာ မိုင် ၆၀ ရွာက အသက်မပြည့်သေးသည့် အမျိုးသား တစ်ဦး ဦးခေါင်းဒဏ်ရာရခဲ့ဖူးသည်။

“တို့ရွာမှာ (သဲချောင်းကျေးရွာအုပ်စု) တော်တော်ဆိုးဆိုးဝါးဝါးပဲ။ အရင်ကလည်း မသင်္ကာရင် ပျူစောထီးတွေ ‌‌ခေါ်စစ်ပြီးရိုက်တာပဲ။ ပိုက်ဆံရှိတဲ့လူဆို ပိုက်ဆံနဲ့ဖြေရှင်းလိုက်ရတယ်။ အခုက လူသေသွားလို့ သတင်းက ပျံ့သွားတာ” ဟု သဘွတ်ချောင်း ရွာသားတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် သဲချောင်းကျေးရွာအုပ်စုတွင် သဘွတ်ချောင်းရွာသား ဦးစုငယ် (ခ) ဦးနောင်ကြီးက အုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူထားပြီး မောရဝတီရေတပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီး အဖွဲ့ကိုလည်း ဖွဲ့စည်းထားကြောင်း ရွာသားများထံမှ သိရသည်။

သဲချောင်းကျေးရွာအုပ်စု သင်္ကန်းတောရွာနှင့် ကင်းတောင်ရွာအနီးတွင် စစ်ကောင်စီ၏ ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်းလည်း တည်ရှိသည်။