မြဝတီ-မဲဆောက် အမှတ် ၁ တံတား ခြောက်ရက်ကြာသည်အထိ မြန်မာဘက်က ပြန်မဖွင့်သေး

0
261
ပုံစာ - ယနေ့ နံနက်ပိုင်းတွင်တွေ့ရသော အမှတ် ၁ တံတားအခြေအနေ။ ဓာတ်ပုံ - Thai PBS

မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၁) တံတားကို တိုက်ပွဲပြင်းထန်နေချိန် မြန်မာဘက်က ယာယီပိတ်ထားခဲ့ရာ ခြောက်ရက်ကြာ ယနေ့ ဧပြီလ ၂၆ရက်အထိ ပြန်မဖွင့်သေးကြောင်း အမှတ် (၁) တံတား အနီးနေထိုင်သည့် ပြည်သူများထံမှ သိရသည်။

မြဝတီမြို့တွင် တိုက်ပွဲပြင်းထန်လာပြီးနောက် မဲဆောက်-မြဝတီ ချစ်ကြည်ရေး အမှတ် ၁ တံတားကို ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာဘက်က ယာယီပိတ်ထားခဲ့သည်။

ယနေ့ ဧပြီလ ၂၆ ရက် နံနက်ပိုင်းအထိ ထိုင်းဘက်က အထွက်သာ ရရှိနေပြီး မြန်မာဘက်က အထွက်ကို ပိတ်ထားဆဲ ဖြစ် ကြောင်း တံတားအနီးနေထိုင်သည့် ပြည်သူတစ်ဦးက ပြောသည်။

“ထိုင်းဘက်က အထွက်ရတယ် (ထိုင်းဘက်ကို) အဝင်မရသေးဘူး။ ဟိုတစ်ခါ ပိတ်လိုက်တည်းက ဒီမနက်အထိ လုံးဝ မဖွင့် သေးတာ။ အထွက်ပဲရှိပြီး အဝင်မရသေးလို့ တံတားမှာတော့ လူနည်းတယ်” ဟု ၎င်းက ပြောဆိုသည်။

မြဝတီဘက်မှ မဲဆောက်ဘက်ဝင်ရန်အတွက် မြန်မာဘက်က Border Pass ထုတ်ပေးခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် မဲဆောက်ဘက်မှ မြဝတီသို့ တံတားပေါ်က ပြန်သူ အနည်းငယ်သာရှိပြီး မဲဆောက်ဘက်သို့ ဝင်လာသူ မရှိသေးကြောင်း Thai PBS ကလည်း ဖော်ပြသည်။

အမှတ် ၁ တံတားအပြင် ကုန်ပစ္စည်းပို့ဆောင်နေသော အမှတ် ၂ တံတားကိုလည်း တိုက်ပွဲကြောင့် ထိုင်းဘက်က ပိတ်ခဲ့ပြီး ယနေ့အထိ ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

“မနေ့ညကလည်း တစ်နေကုန် ပစ်သံတွေကြားနေတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်လာမှာလားမသိဘူး” ဟု အမှတ် ၂ တံတား အနီးက ပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုင်းဘက်က ရိုက်ကူးထားသော ရုပ်သံမှတ်တမ်းများအရ မြဝတီမြို့ဘက်ခြမ်းတွင် လက်နက်ကြီး၊ လက်နက်ငယ်သံများ ဆက်တိုက်ကြားနေခဲ့ရသည်။

တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်၍ မဲဆောက်ဘက်သို့ တိမ်းရှောင်လိုသော မြန်မာများသည် တံတားပိတ်ထားဆဲ ဖြစ်သဖြင့် ကြိုတင်ရှောင်ရှား၍ မရနိုင်ဖြစ်နေကြောင်း ထိုင်းသတင်းဌာနများက ရေးသားသည်။

မဲဆောက်ဘက်သို့ သွားရန် မြန်မာနိုင်ငံသားများသည် အမှတ် ၁ တံတားရှေ့တွင် လာရောက်စုံစမ်းနေမှုများကို ရုပ်သံမှတ်တမ်းအရ တွေ့ရှိရသည်။

ကရင်ပြည်နယ် မြဝတီမြို့ဘက်ခြမ်း ထိုင်း – မြန်မာ ကုန်သွယ်ရေးအမှတ် ၂ တံတားအနီးတွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ချစ်ကြည်ရေး အမှတ် ၁ နှင့် အမှတ် ၂ တံတားများကို မြန်မာဘက်က ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၂၁ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတော်လှန်ရေးတပ်တို့က ပြန်လည် ဆုတ်ခွာသွားပြီးနောက် နယ်ခြားစောင့်တပ်အကူအညီဖြင့် မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တွင် စစ်ကောင်စီတပ် ပြန်လည် တပ်စွဲထားသည်။